ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက်စောင်နှင့်အနွေးထည်များ အမြန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁ / ၂ဝ၂ဝ

ဆောင်းတွင်းရာသီ ချမ်းအေးမှုများလာပြီဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများအတွက် စောင်နှင့် အနွေးထည်များ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောဆိုကြသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က “ကျနော်တို့စစ်ဘေးရှောင်စခန်းမှာ အနွေးထည်တွေနဲ့ စောင်တွေတော့ လုံလောက်မှုမရှိဘူး။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်က ပိုပြီးတော့ ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ ခြင်ထောင်တွေကလည်း သိပ်တော့လုံလောက်မှုမရှိဘူး။ UNHCR က ဆိုလို့ရှိရင် အိမ်ထောင်စုတစ်စုကို ခြင်ထောင်နှစ်လုံးနှုန်းနဲ့ ပေးထားတယ်။ ဒါပေမယ့် တချို့ မိသားစုများတဲ့ အိမ်ထောင်စုတွေမှာဆိုလို့ရှိရင် လိုအပ်ချက်တွေရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သားပျို၊ သမီးပျိုတွေနဲ့ဆိုရင် ခွဲအိပ်ရတဲ့ အနေအထားရှိတယ်။ ဒါကြောင့် ခြင်ထောင်တွေကလည်း သိပ်ပြီးတော့ လုံလောက်မှုမရှိဘူး။” ဟုပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးမောင်ငန်းကလည်း စစ်ဘေးရှောင်များ အတွက် အနွေးထည်များ၊ အခင်းဖျာများ လှူဒါန်းရန် အလှူရှင်များ ရောက်လာခြင်းမရှိသေးသဖြင့် စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း ပြောသည်။

“ ဒီနှစ်မှာ အနွေးထည်လှူဒါန်းမည့်အလှူရှင်တွေ တစ်ခေါက်မှ မရောက်ကြသေးဘူး။ ဒါကြောင့် စောင်နှင့်၊ အနွေးထည်တွေက အရေးတကြီးလိုအပ်နေတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်က ပိုပြီးတော့ အရေးတကြီးလိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အရေးအားကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ ကိုဘက္ကာကလည်း စစ်ဘေးရှောင်စခန်းများတွင် အနွေးထည်များလုံလောက်မှုမရှိသဖြင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး အတွက် အလွန်စိုးရိမ်ရကြောင်း ပြောသည်။

“ ဒီရာသီမှာဆိုလိုရှိရင် သက်ကြီးရွယ်အိုတွေအတွက် အလွန်စိုးရိမ်ရတယ်။ သူတို့က စစ်ဘေးရှောင်တွေ ဖြစ်နေတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကလည်း သူတို့မှာ စိတ်ဖိစီးမှုတွေကလည်း ရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် ပိုပြီးတော့ စိုးရိမ်ရတယ်။ သူတို့အတွက် စောင်တွေ၊ အနွေးထည်တွေအပြင် သူတို့အိပ်ဖို့အတွက် အခင်းတွေလည်း လိုအပ်နေတယ်။ တချို့ဆိုလိုရှိရင် မြေကြီးပေါ်မှာ တာပေါ်လင်စတွေကို ခင်းပြီးတော့ အိပ်နေရတာတွေလည်းရှိတယ်။ ဒီလူတွေအတွက်လည်း အလွန်စိုးရိမ်ရပါတယ်” ဟု ပြောသည်။

၄င်းအပြင် အမ်းမြို့နယ်သည် ရခိုင်ပြည်နယ်မှ အချမ်းများသည့် ဒေသထဲတွင် တစ်ခု အပါအဝင်ဖြစ်သဖြင့်  စစ်ဘေးရှောင်များအတွက်  အနွေးထည်များ လိုအပ်နေကြောင်း အမ်းမြို့မှ လူမှုရေးလုပ်နေသူ တစ်ဦးဖြစ်သူ ကိုမျိုးလွင်က ပြောသည်။

ရခိုင်အခြေစိုက်လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်အနေဖြင့် အဓိက ခရီးဝေးလွန်းပြီး အလှူရှင်များအရောက်နည်းသော စစ်ဘေးရှောင်စခန်းများကို အနွေးထည်နှင့် စောင်များ လှူဒါန်းသွားမည်ဟု ပြောသည်။

၄င်းအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ ကျနော်တို့ကတော့ အဓိက အလှူအတန်းနည်းတဲ့ နေရာတွေကို လှူဒါန်းသွားမယ်။ ကျနော်တို့ လျာထားတာကတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းနဲ့ မြေပုံမြို့နယ် ရက်ချောင်း စစ်ဘေးရှောင်စခန်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲစခန်းတွေမှာ အလှူရှင်တွေကလည်း နည်းတယ်။ အလှူရှင်တွေအနေနဲ့လည်း ခရီးကလည်း ဝေးလွန်းတဲ့အတွက် သိပ်မသွားဖြစ်ကြဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အဲဒီဖက်ကို သိပ်မရောက်ကြဘူး။ ဒါကြောင့် အဲဒီလို့နေရာမျိုးတွေကို အဓိကထားပြီး လှူဒါန်းသွားဖို့လို့ မှန်းထားတယ်။ လက်ရှိမှာတော့ မလှူရသေးဘူး။ လာမယ့် တနင်္ဂနွေနေ့မှာတော့ လှူဒါန်း သွားဖို့ဖြစ်ပါတယ်။” ဟုပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း ဒေသခံအုပ်ချုပ်ရေးမှူးများမှ စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့် စောင်များလိုအပ်နေသည်ဟု တင်ပြလာလျှင် စီစဉ်ပေးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စည်ပင်ဝန်ကြီး ဦးဝင်မြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ အခုထက်ထိတော့ စီစဉ်နေတယ်လို့ ပြောသံမကြားရသေးဘူး။ ဒါပေ့မယ် လိုအပ်နေတယ်လို့ တင်ပြ လာရင်တော့ ဆက်စပ်ပြီးလုပ်ပေးရမယ်။ ဒါမျိုးတွေကိုတော့ နည်းနည်းလေးတော့ နိုးဆော်ပေးဖို့ လိုအပ်တယ်လို့ ထင်တယ်။ နောက်သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက သူတို့အခက်အခဲဖြစ်တယ်။ ဒါတွေကို ဖြည့်ဆည်းပေးပါစသည်အားဖြင့် တောင်းဆိုမှုတွေရှိလာရင်တော့ လုပ်ပေးပါလိမ့်မယ်” ဟု ဝန်ကြီးက ပြောသည်။

ဆက်စပ် သတင်းများ