Preview

ရခိုင်ပြည်နယ်ရှိ တန်ခိုးကြီးဆံတော်ရှင်ဘုရားပွဲတော် ယခုနှစ်တွင်လည်း မကျင်းပနိုင်ဟုဆို

ဒီဇင်ဘာ ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :3538
ရခိုင် သတင်း

ဇွဲဓန ( ဘက္ကားမြေ )
နိရဥ္စရာ၊ ဒီဇင်ဘာ ၂ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း (ခ) မြေငူကျွန်း၌ တည်ထားကိုးကွယ်သည့် တန်ခိုးကြီး ဆံတော်ရှင် ဘုရားပွဲကို ယခုနှစ်တွင်လည်း ကျင်းပမည် မဟုတ်ကြောင်း ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့မှ ပြောသည်။

အဆိုပါ ဆံတော်ရှင်ဘုရားပွဲအား ကိုဗစ်ကပ်ရောဂါကို စိုးရိမ်ခြင်းနှင့် လတ်တလော နယ်မြေ အေးချမ်းမှု မရှိသည့်အတွက် သက်ဆိုင်ရာက လုံခြုံရေးအပြည့်အ၀ မပေးနိုင်ခြင်းတို့ကြောင်း ကျင်းပနိုင်မည် မဟုတ်ဟု ဆံတော်ရှင်ဘုရား ဂေါပကအတွင်းရေးမှူး ဦးအောင်ကျော်ညွှန့်က ပြောသည်။

“ ကျနော်တို့ ပြည်နယ်ခရိုင်ရဲ့ ညွှန့်ကြားချက်နဲ့ ပေါက်တောမြို့ ထွေအုပ်ဦးစီးရဲ့ ညွှန့်ကြားချက်အရ ကျင်းပတဲ့ ပွဲဖြစ်တယ်။ အခုက သူတို့ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာတစ်ခုမှ မရှိတဲ့အတွက် ကျနော်တို့မှာ ပွဲကျင်းပဖို့ တာဝန်မရှိဘူးပေါ့နော်။ လုံခြုံရေးရော ကျန်းမာရေးပါ မရဘူးပေါ့နော်။ ပွဲကျင်းပဖို့ သူတို့ ကိုယ်တိုင်ကလည်း  အားမပေးဘူး။ မကျင်းပဖြစ်တာက နယ်မြေအေးချမ်းမှုစိုးရိမ်ရတာကတစ်ပိုင်း ပြီးတော့ ကိုဗစ်ရောဂါစိုးရိမ်၇တာကတစ်ပိုင်းပေါ့” ဟု ပြောသည်။

ဆံတော်ရှင်ဘုရားပွဲတော်ကို နှစ်စဉ်  နတ်တော်လဆန်း ၈ ရက်နှင့် ၉ ရက်တို့မှစ၍ လပြည့်ကျော် တစ်ရက်နေ့ထိ ကျင်းပလေ့ရှိကာ ဘုရားဖူးသူ သိန်းနှင့်ချီကာ လာရောက်ကြသဖြင့် အလွန်စည်ကားသည့် ဘုရားပွဲတော်ဖြစ်ကြောင်း သိ၇သည်။

“အများပြည်သူတွေ မျှော်လင့်နေကြတဲ့ ဘုရားပွဲတော်ကို မကျင်းပနိုင်တာဟာ ကျနော်တို့ အင်မတန်မှ ဝမ်းနည်းမိတယ်၊ ကြေကွဲဖို့လည်းကောင်းတယ်။ ဘာကြောင့်လဲဆိုတော့နှစ်စဉ်ကျင်းပနေတဲ့ ပွဲတစ်ပွဲကို မကျင်းပဘူးဆိုရင် ကျနော်တို့ရင်ထဲမှာ ဟာတာတာကြီးဖြစ်တယ် ” ဟု ဦးအောင်ကျော်ညွှန့်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တန်ခိုးကြီးဆံတော်ရှင်ဘုရားပွဲအား မကျင်းပနိုင်ခြင်းအပေါ် လွန်စွာ စိတ်မကောင်း ဖြစ်မိကြောင်း ပေါက်တောမြို့မှ ဒေါ်ခိုင်ရွှေသဇင်မြတ်ကလည်း ပြောသည်။

“ရခိုင်ပြည်သူလူထုတွေ ကုသိုလ် ပြုလုပ်ခွင့်မရတဲ့အတွက် အရမ်းစိတ်မကောင်း ဖြစ်မိတယ်။ ကျမတို့မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျ၊ သွားနေကျ။ ဒီရာသီရောက်လာရင် ဆံတော်ရှင်ပွဲဆိုတော့ လှုပ်လှုပ်ရှားရှား ဖြစ်တယ်။ အခုကမသွားရဘူး။ တန်းဆောင်မုန်းလပြည့်နေ့က ကထိန်ကပ်တာတောင် တိတ်တိတ်ဆိတ်ဆိတ် ကပ်တာ တွေ့ရတယ်။ ဒါတွေကို စိတ်မကောင်းဖြစ်တယ်” ဟု  နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နယ်မြေပဋိပက္ခများကြောင့် ပွဲတော်ကာလ၌ လုံခြုံရေး တာဝန်ယူမည့်သူမရှိ၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ယင်းသမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲအား မကျင်းပနိုင်ခဲ့ကြောင်း ဦးအောင်ကျော်ညွှန့် ပြောပြချက်အရ သိ၇သည်။

ဆံတော်ရှင်ဘုရားသည် မြေငူကျွန်းတောင်ဘက် အစွန်ဆုံး နိလာပဗ္ဗတတောင်ပေါ်တွင် ကိန်းဝပ်နေသည့် သမိုင်းဝင် စေတီတစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာထည့်သွင်းတည်ထားတော်သည့် စေတီတော်တစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိ၇သည်။

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.