သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့မှ လူသိများထင်ရှားသူ ၄ဦး၏အမှု တရားလိုပြသက်သေများ (၉)ကြိမ်တိတိ တရားရုံးချိန်းမရောက်၍နစ်နာမှုများရှိဟု မိသားစုများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ လူသိများထင်ရှင်သူများဖြစ်ကြသည့် ဦးဝေသောင်း၊ ဦးဇေယျကျော်၊ ဦးစန်းငွေနှင့် ဦးစည်သူကျော်ဇံ(ခ) ကိုမိုင်ကယ်တို့အမှုကို တောင်ကုတ်မြို့နယ်တရားရုံတွင် စစ်ဆေးနေရာ တရားလိုပြသက်သေများ တရားရုံးချိန် (၉) ကြိမ်တိတိ မရောက်သဖြင့် နစ်နာမှုများရှိနေကြောင်း မိသားစုများက ပြောကြားသည်။

ဒီဇင်ဘာ ၁ရက်နေ့က ရုံးချိန်းရှိသော်လည်း တရားလိုပြသက်သေများမရောက်၍ ၎င်းတို့ ၄ ဦးအား တရားရုံးထုတ်ခဲ့ခြင်း မရှိကြောင်း ဦးဝေသောင်း၏ သမီးဖြစ်သူ မနှင်းဝေဝေဖြိုးက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့၏အမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တောင်ကုတ်မြို့နယ် တရားလွှတ်တော်ရှေ့နေ ဦးရာဇာထွန်းကိုဆက်သွယ်မေးမြန်းရာ အမှုမှာ ကြန့်ကြာနေသဖြင့် မိသားစုများမှ စိတ်မကောင်းဖြစ်နေကြကြောင်း ပြောကြားသည်။

“ဒီသက်သေတွေကို ပယ်ရင်ပယ်။ မပယ်ရင် တရားရုံးက ဖမ်းဝရမ်းထုတ်ရမယ့်အပိုင်း။ အဲဒါအစ်ကိုတို့က စာတင်ထားတယ်။ တရားရုံးကလည်း သူတို့ကိုမပယ်နိုင်ဘူး။ ရှာဖွေပုံစံထဲမှာ ဖုန်းတွေကို သိမ်းတဲ့အခါ သူတို့ပါလို့တဲ့။ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ရုံးချိန်းမှာ သက်သေနံပတ် ၁ဝ၊ ၁၁၊ ၁၂ ၊၁၃ ရောအားလုံး မအီအုပ်ချုပ်ရေးမှူတွေရော၊ သံတွဲစခန်းမှူး ဦးရဲမင်းစိုးကိုရော တောင်ကုတ်စခန်းမှူး ဦးလှတင့်ကိုရော လေးယောက်စလုံးကို သက်သေဆင့်ခေါ်ဖို့ပြောထားတယ်” ဟု ၎င်းက ပြောသည်။

အကယ်၍ ၄င်းတို့ အနေဖြင့် မရောက်ရှိလာပါက ခရိုင်အဆင့်ထိဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သူက ဆက်ပြောသည်။

အကြမ်းဖက်မှု ဥပဒေဖြင့် ဖမ်းဆီးခံထားရသူ တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း အပါအဝင် ၄ ဦးကို ရုံးချိန်း ၉ ကြိမ်အထိ တရားလိုပြသက်သေမရောက်ရှိသဖြင့် အမှုကြန့်ကြာနေပြီး နစ်နာမှု ရှိနေကြောင်း ဦးဝေသောင်း၏ သမီးဖြစ်သူ မနှင်းဝေဝေဖြိုးက ပြောသည်။

“ရုံးချိန်းမှာ အဲဒီသက်သေ နှစ်ယောက်မလာ။ မလာလို့ ရုံးမထုတ်။ အဲလိုဖြစ်နေတယ်။ သူတို့က လာမလာလည်း မပြောဘူး။ တရားရုံးကလည်း သူတို့လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ရုံးထုတ်ရမှာကို မထုတ်ဘူး” ဟု ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့မှစ၍ အဆိုပါ သက်သေနှစ်ဦး မရောက်ရှိလာသဖြင့် တရားရုံးမှ အမှုကို စစ်ဆေးခြင်းမရှိခြင်းဖြစ်ကြောင်း၊ ရုံးထုတ် စစ်ဆေးရန် ရုံးချိန်းခေါ်ယူသော်လည်း  တရားလိုပြသက်သေများ မရောက်ရှိသဖြင့် ဖမ်းဆီး ခံထားရသည့် ၄ လအတွင်း ၉ ကြိမ်တိုင်တိုင် မစစ်ဆေးဘဲ ကြန့်ကြာနေသဖြင့် အထူးနစ်နာမှု ရှိနေသည်ဟု  သူမက ဆက်လက် ပြောဆိုသည်။  

“အဖေက ထိပ်ကပ်နာလိုမျိုးဖြစ်နေတယ်။ ဦးစန်းငွေတို့လည်း သွေးတိုးလည်းရှိတယ်။ ရုံးမထုတ်တာကြာလို့ စိတ်ညစ်နေရှာကြတယ်။ တရားရုံးကလေ အဲဒီသက်သေနှစ်ယောက်ကို မလာရင်လာအောင် တစ်ခုခု လုပ်ပေး စေချင်တယ်။ မလာရင် သူတို့ကို ပယ်တဲ့ဟာမျိုး ဖြစ်စေချင်တယ်။ တခြားအမှုတွေကိုတော့ စစ်ဆေးတာတွေ ရှိတယ်” ဟု သူမက ပြောသည်။

ဦးဇေယျကျော် (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ) ဖြစ်သူကို ၂ဝ၂ဝခုနစ် မေလ ၉ ရက်နေ့တွင်တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေလ ၉ ရက်နေ့တွင် ဦးစန်းငွေ (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း) ကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်နောက် တောင်ကုတ်မြို့နယ် ဦးဝေသောင်း (ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ )ကို မေလ ၁၁ ရက်နေ့ နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုင်ကယ် (လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သူ)မှာ မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ၄င်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ- ၅ဝ(က) ၊ ၅၂ (က) တို့ဖြင့် အမှု ရင်ဆိုင် နေရခြင်းဖြစ်ကြောင်း ၎င်းတိုက ၄ ဦးအား တရားစွဲဆိုသူ တရားလိုက စစ်တွေအထူးသတင်း ရဲတပ်ဖွဲ့ရဲမှူးဇော်မြင့်ထွန်းကြောင်း ၎င်းတို့အမှုကို လိုက်ပါပေးနေသူ ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောကြားသည်။

ဆက်စပ် သတင်းများ