စစ်တွေမြို့ ရပ်ကွက်စျေး ၂ ခုကိုပြောင်းရွှေ့မည်


အိ်မ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းရှိ မကျည်းမြိုင်ရပ်ကွက်စျေးနှင့် ရွှေပြားရပ်ကွက်(ရွှေဒေါပါရာ)စျေးတို့အား နေရာ ပြောင်းရွှေ့တော့မည်ဟုသတင်းရရှိသည်။

မကျည်းမြိုင်စျေးအား ယာယီမေယုစျေး သားငါးစျေး နေရာကို ပြောင်းမည်ဖြစ်ကာ ရွှေပြားစျေးအား အင်းပေါက်ဝ ကုမ္ပဏီ မြေကွက်လပ်သို့ ပြောင်းရွှေ့မည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်မိုး၏ ပြောပြချက်အရသိရသည်။

“အဲဒီစျေးတွေက လမ်းမပေါ်မှာ ရောင်းနေကြတာဆိုတော့ လမ်းသွားလမ်းလာအခက်အခဲဖြစ်တယ်။ ပြီးတော့ စျေးရောင်းတဲ့အချိန်မှာ ဆူဆူညံညံနဲ့ဆိုတော့ လူနေအိမ်တွေနဲ့ သိပ်အဆင်မပြေကြဘူး။ ရွှေပြားစျေးကလည်း စာသင်ကျောင်းတွေနဲ့ လမ်းသွားလမ်းလာတွေနဲ့ အဆင်မပြေကြတဲ့အတွက်ပါ” ဟု ဦးကျော်မိုးက ပြောသည်။

၄င်းစျေးနှစ်ခုမှာ လူသွားလမ်းများပေါ်တွင်ရောင်းချနေသည့် စျေးများဖြစ်ကာ ရပ်ကွက်အတွင်း စျေးနေရာ အနီးမနား၌ သန့်ရှင်းမှုအားနည်းနေသည့်အတွက် ရပ်ကွက်သားများ အခက်အခဲဖြစ်နေသည်ကို ကြားသိရဖြင့် ပြောင်းရွှေ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပြောင်းရွှေ့ရန်စီစဉ်ဆောင်ရွက်နေကြသော်လည်း ပြောင်းမည့်ရက်ကို အတိအကျ မပြောနိုင်သေးကြောင်း ၄င်းကဆက်ပြောသည်။

“ဒီနေ့ကျွန်တော်တို့ စည်ပင်ကဝန်ထမ်းတွေ စျေးနေရာတွေ သွားကြည့်တာပါ။ လက်ရှိရွှေပြားစျေးကို အရင်နေရာဟောင်းဖြစ်တဲ့ နေရာကိုပြောင်းဖို့ လျာထားတယ်။ အဲဒီမှာ ဆိုင်ခန်းတွေလည်း ဆောက်ရအုံးမယ်။ အတိအကျမပြောနိုင်သေးဘူး။မကျည်းမြိုင်စျေးကိုလည်း ယာယီမေယုစျေး သားငါးစျေးလေ အဲဒီနေရာကို လျာထားတယ်” ဟုပြောသည်။

ရွွှေပြားရပ်ကွက်မှ စျေးအသစ်နေရာပြောင်းရွှေ့မည့် နေရာအနီးမှ ဒေါ်အေးမြင့်ကလည်း ရွှေပြားစျေးမှာ ရပ်ကွက်သူ၊ ရပ်ကွက်သားများအတွက် အဆင်မပြေသဖြင့် ပြောင်းရွှေမည်ဆိုလျှင်ကောင်းမွန်သော်လည်း သန့်ရှင်းမှုကို စည်ပင်မှ စနစ်တကျ တာဝန်ယူပေးစေချင်ကြောင်းပြောသည်။

“ ရွှေပြားစျေးမှာက စျေးသွားရင် ခြေချမယ့်နေရာတောင်မရှိအောင်ကျပ်တယ်။ စျေးချိန်အတွင်း ဖြတ်သွားဖ နေနေ စျေးသွားရင်တောင်ကျပ်နေတာ။ အစ်မတို့အိမ်နားက စျေးကို လွန်ခဲ့တဲ့ နှစ်တစ်ဆယ်ကျော်က ပြောင်းသွားတာ။ အခု အင်းပေါက်ဝ ကုမ္ပဏီက မြေလွတ်နေရာလေ။ ကြားတာတော့ အခုဒီနေရာမှာ စျေးပြန်ချပေးမယ်လို့ ကြားတယ်။ စျေးပြန်ဖွင့်ရင် အမှိုက်တွေကို စည်းကမ်းရှိရှိလုပ်ပေးဖို့တော့ ပြောချင်တယ်” ဟုပြောသည်။

၄င်းတို့ရပ်ကွက်အတွင်းမှ အမှိုက်များအား ယခုစျေးပြန်ဖွင့်မည့်နေရာအနီးတွင် စည်းကမ်းမဲ့ လာရောက် ပစ်နေကြသဖြင့် စည်ပင်သာယာနေရေးအနေဖြင့် စနစ်တကျ စွန့်ပစ်ကြရန် လုပ်ဆောင်ပေးစေလိုကြောင်း သူမ၏ ပြောပြချက်အရသိရသည်။

နေရာပြောင်းရွှေ့ ရန်စီစဉ်နေသည့် စစ်တွေမြို့၊ မြို့မစျေးကြီးကို လည်း လာမည့် ၂ဝ၂၁ ခုနစ် ဖေဖော်ဝါရီလအတွင်းတွင် BXT ကုမ္ပဏီမြေကွက်လပ်တွင် စျေးရုံအဆောင်များ အပြီးဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။

Share: