အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင်၂နှစ်တာတိုက်ပွဲအတွင်း မီးလောင်ခဲ့သည့်အိမ်ပေါင်း ၂ဝဝဝကျော်ရှိ၊ နေအိမ်ဆုံးရှုံးခဲ့ရသူများ၏ဘဝပြန်လည်ရှင်သန်ရေးအကူအညီများလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 664

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် ၂ နှစ်တာကာ စစ်ပွဲများအတွင်း မီးလောင်ခဲ့သည့် အိမ် ပေါင်း ၂ဝဝ၅ လုံးရှိပြီး အိုးအိမ်မဲ့ဖြစ်သွားသူများမှာလည်း ထောင်နှင့်ချီရှိနေပြီး သူတို့ဘဝ ပြန်လည် ရှင်သန်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကူညီမှုများ လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

 “တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်။ အိမ်ပေါင်း ၂ဝဝဝ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်။ အဲဒီမှာ သူတို့ခေါ်သွားလို့အဆင်မပြေလို့ နေအိမ်တွေမှာ ချန်ထားခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေ ရွာမီး လောင်ရာမှာ မီးထဲပါသွားတာတွေလည်း ရှိခဲ့တယ်။ သူတို့ အတော်ခံစားခဲ့ရတယ်။ အိုးအိမ်မဲ့ ဖြစ်သွားသူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ ဘဝပြန်လည်ရှင်သန်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ကူညီမှုများ လိုအပ်နေပါတယ်။”

မီးလောင်ခဲ့ရသည့် နေအိမ် ၂ဝဝဝ ကျော်မှာ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ ၈ ခု၌ အိမ် (၁၆၃) ဆောင်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၁၄ခု၌ (၁၂၇၅)ဆောင်၊ ရသေ့တောင်မြို့နယ်မှ ကျေးရွာ ၉ ခု၌ (၆၉)ဆောင်၊ မင်းပြားမြို့နယ်မှ ကျေးရွာ ၁ခု၌ (၂၈)ဆောင်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၄ ခု၌ (၂၁ဝ)ဆောင်၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ကျေးရွာ၂ ခု၌  (၃)ဆောင်၊ အမ်းမြို့နယ်မှ ကျေးရွာ ၁ ခု၌ (၃)ဆောင်၊ ကျောက်ဖြူ မြို့နယ်ကျေးရွာ ၁ ခုတွင် (၂)ဆောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးရွာ ၈ ခုမှ (၂၅၂)ဆောင်တို့ ဖြစ်ကြောင်း REC ၏ ထုတ်ပြန်ချက် စာရင်းအရသိရသည်။

ထိုသို့ နေအိမ်များမီးရှို့ခံရပြီးနောက် အိုးအိမ်မဲ့ဖြစ်သွားသူ ထောင်ပေါင်းများစွာမှာ စစ်ဘေးရှောင် စခန်းများတွင် လက်ရှိ ခိုလှုံနေကြရသည်။

အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ သိတိုင်းအတိုင်းပဲ ကျွန်တော်တို့ဆီမှာက အစိုးရရဲ့ တာဝန်ယူမှုနဲ့ စွမ်းဆောင်ရည်က နည်းတဲ့အခါကျတော့ တိုက်ပွဲတွေဖြစ်နေတဲ့ကာလမှာ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေက အရမ်းကို အားနည်းခဲ့တယ်။ ဆုံးရှုံး နစ်နာသွားတဲ့ သူတွေအပေါ်မှာ အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေ အမြဲတမ်း လိုအပ်ချက်တွေ ရှိနေပါတယ်” ဟု ပြောဆိုသည်။

ကျောက်တော်မြို့နယ်မှ အိမ်ခြေ ၇ဝဝ ခန့်ရှိသည့် တင်းမကြီးကျေးရွာမှ ယခုနှစ် မတ်လ ၂၂ ရက်နေ့က  တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရပြီး ရွာသားများအားလုံးမှာ ကျေးရွာကို စွန့်ခွာပြီး ကျောက်တော်မြို့ပေါ် စစ်ဘေးရှောင် စခန်းများသို့ ထွက်ပြေးခဲ့ကြရသည်။

တင်းမကြီးကျေးရွာမှ ထွက်ပြေးပြီး ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းသို့ရောက်နေသူ ဒေါ်စောညွှန့်ဝင်းက “ ရွာကထွက်ပြေးလာကတည်းက တစ်ခါမှ ရွာကို မပြန်ရသေးဘူး။ ရွာ မီးလောင်တာကိုတော့ ထွက်ပြေးလာရင်းနဲ့ လမ်းကနေပဲ မီးလောင်နေတဲ့ မီးတောက်တွေကိုဘဲ မြင်တွေ့ခဲ့ကြရတာ။ အရမ်းကို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ပါ။ သေနတ်ပစ်နေတဲ့ ကြားထဲက အသက်လု ထွက်ပြေးကြရတာ။ ဒီကိုရောက်တော့လည်း ဒုက္ခသည် စစ်ဘေးရှောင်စခန်းဆိုတော့ ဘယ်သူမှ အဆင်မပြေဘူး။ အဆင်မပြေလည်း နေနေကြရတာပေါ့။ ကိုယ့်ရပ် ကိုယ့်မြေကို ပြန်ချင်တယ်။ တကယ်လို့ အခုပြန်ရင် အိမ်မရှိတော့ဘူး။ ဖြစ်သလို ရှင်သန်ရတော့မှာပေါ့” ဟုပြောသည်။

၂ဝ၂ဝ ခုနစ် မတ်လအတွင်းက သူမတို့တင်းမကျေးရွာအနီးဝန်းကျင်အပါအဝင် မုန့်သန်းပြင်၊မီးဝ၊ ပြိုင်းတိုင်း၊ လောင်းရှည်၊ ကျော်ရွှီပြင်၊ ကျောက်တန်း၊ ဂြင့်ခရားစေ့နှင့် အောင်သာယာ ကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်မှ လေကြောင်းများဖြင့် တိုက်ခိုက်ခဲ့သည်အထိ ပြင်းထန်လာခဲ့သဖြင့် ကျေးရွာသားများအားလုံး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြသည်ဟုဆိုသည်။

ပြိုင်းတိုင်းကျေးရွာမှ ရွာမီးလောင်ရာတွင် နေအိမ်ပါသွားခဲ့သူ ရွာလူကြီးတစ်ဦးကလည်း ၄င်းမှာ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေရပြီး မိသားစု စားဝတ်နေရေးအတွက် ဘဝ ပြန်လည်ထူထောင်ရေးအတွက် လိုလားနေကြောင်း ပြောသည်။

“လက်နက်ကြီးကျပြီးမှ ကျွန်တော်တို့ အိမ်တွေ မီးလောင်သွားခဲ့တာပါ။ အိမ်ပြန်ဖို့အတွက်တော့ အခုမပြန်ရဲသေး ပါဘူး။ ကျွန်တော်တို့ ဘာတစ်ခုမှ အစိုးရဆီက အကူအညီမရသေးဘူး။ ကယ်ဆယ်ရေး စခန်းက ကျွေးထားတာပါ။ မိသားစုစားဝတ်နေရေးကအစ ကျန်းမာရေးကအဆုံးအကုန် လိုအပ်တယ်။ အခုဒီမှာ အလုပ်ကလည်းမရှိဘူး။ အိမ်ပြန်ဖို့လည်း မရတော့ဘူးဆိုတော့ ဒီမှာကြုံရာကျပန်းအလုပ်တွေ လုပ်နေရပါတယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် အိုးအိမ်မဲ့သွားသူများအတွက် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးနေမှုရှိနေသည်ကို ယခုအချိန်အထိ မကြားရသေးကြောင်းပြောသည်။

“အခုအချိန်အထိ ကျွန်တော်တို့ မကြားမိသေးဘူး။ ကိုယ့်ပြည်သူတွေအပေါ်မှာ ဘယ်လို စေတနာ ကောင်းကောင်းနဲ့ ဘယ်လို အိုင်ဒီယာတွေ ရှိနေလဲ၊ သူတို့တွေရဲ့အနာဂတ်အတွက် ဘယ်လို program ရှိတယ်ဆိုတာကိုတော့ အစိုးရ တစ်ရပ်အနေနဲ့ကတော့ ထုတ်ဖော်ပြောဆိုသင့်တယ်။ စိတ်ဘေးရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ တစ်စုံတစ်ခုထိပေါ့။ အခုထက်တော့ ပိုလုပ်ပေးသင့်တယ် လို့ထင်တယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်  အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ၄င်းတို့ အစိုးရ အဖွဲ့အနေဖြင့် မီးလောင်မှုကြောင့်ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များ၏ နစ်နာမှုများကို စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ကောက်ခံနေပြီး နေအိမ်များ တည်ဆောက်ပေးသွားမည်ဟု ပြောကြားသည်။

“ ကျွန်တော်တို့ တင်းမဘက်မှာ လောလောဆယ်အဆောက်အအုံ အလုံး ၄ဝ လောက်ဆောက်ပေးဖို့ဆိုပြီးတော့ တင်ဒါပေးပြီးသွားပြီဖြစ်တယ်။ နောက်ထပ်လိုအပ်တဲ့ဟာတွေကိုကျတော့ လုပ်ဆောင်ပေးဖို့ အတွက် ချိတ်ဆက် နေတယ်။ ဒါတွေကတော့ အစိုးရအနေနဲ့ တည်ဆောက်တဲ့အခါကျတော့ ကြန့်ကြာမှုရှိကောင်းရှိနိုင်ပါတယ်” ဟုပြောသည်။

နေအိမ်တစ်လုံး အတွက်ကျပ်သိန်း ၅ဝ တန်ဖိုးဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၊ နောက်ထပ်လည်း ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိကြောင်း ဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြောသည်။

၎င်းကျေးရွာများမှ နေအိမ်အချို့မှာ လက်နက်ကြီးများကျ၍ မီးလောင်မှုများ ရှိခဲ့သော်လည်း ကျောက်တော်မြို့နယ်မှ တင်းမ၊ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့ အပါဝင် ကျေးရွာတချို့မှ နေအိမ်များကို တပ်မတော်မှ စစ်ကြောင်းများမှ မီးရှို့ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူရွာသားများက လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများအား ထုတ်ဖော်ပြောဆိုပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်မတော် အနေဖြင့် ထိုသို့ ကျူးလွန်ခဲ့မှု မရှိကြောင်း၊ ဘုရားပေါင်းနှင့် တောင်ပေါက် ကျေးရွာတို့ကို AA အဖွဲ့က မီးရှို့ကြောင်းဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ၎င်းကျေးရွာများ မီးရှို့ခံရခြင်းမှာ ၎င်းတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း ပြည်ပအခြေစိုက် မြန်မာ မီဒီယာများသို့ ဖြေဆိုထားသည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာကာလအတွင်း နေရပ်စွန့်ခွာနေရသူ စစ်ဘေးရှောင် ၂ သိန်းကျော်အထိရှိလာကာ အများစုမှာ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ