ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင်သစ်ခိုးထုတ်မှု ယခင်နှစ်ကထက် ၆၃ ရာခိုင်နှုန်းပိုတိုးလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

သျှင်မင်းဇံ
နိရဥ္ဓရာ၊ ဒီဇင်ဘာ ၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် တရားမဝင်သစ် ခိုးထုတ်မှုမှာ ယခုနှစ်တွင် ယခင်နှစ်ကထက် ၆၃ ရာခိုင်နှုန်ထိ တိုးလာသည်ဟု ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးရမိသည့် တရားမဝင်မှောင်ခိုသစ် စုစုပေါင်း တန်ချိန်မှာ ၁၈၄၂ ဒသမ ၇၉၇၁ တန်၊ သစ်တောဌာန၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၄၅၇ ခန့်  ရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးလှိုင်က ပြောသည်။

ယခု ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွင်  ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ (၂)လအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်မှောင်ခိုသစ် စုစုပေါင်းတန်ပမာဏာမှာ ၂၈၉၅ ဒသမ ၉၆၄၈ တန်၊ တန်ဖိုးအားဖြင့် သစ်တောဌာန၏ ခန့်မှန်းချက်အရ ကျပ်သိန်းပေါင်း ၄၅၂ဝ ခန့် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

သို့အတွက် ယခုနှစ်တွင် ယခင်နှစ်ထက် တရားမဝင်မှောင်ခိုသစ် ခိုးထုတ်မှု ၆၃ ရာခိုင်နှုန်းအထိ များလာသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ဒီနှစ်မှာဆိုရင် ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်မှာ တရားမဝင်သစ်တွေကို အများဆုံးဖမ်းမိတာပါ ” ဟု ဦးဇော်မျိုးလှိုင်က ပြောသည်။

ယခု ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလ (၂)လအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်သစ်အမျိုးအစားများမှာ ကျွန်းသစ် ၄၄၁ ဒသမ ၈ဝ၂၆ တန်၊ ပိတောက်သစ် ၃၇၈ ဒသမ ၇၆၈၆ တန်၊ အုပ်စု (၂) ၂ဝ၁၉ ဒသမ ၃၂၉၅ တန် နှင့် အခြားသစ် ၅၆ ဒသမ ဝ၆၄၁ တန်ဖြစ်ကြောင်း သိရသည်။

တရားမဝင် သစ်ခိုးထုတ်မှု ဖမ်းဆီးရမိသည့် မြို့နယ်များမှာ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များဖြစ်ကြသည်။

တောင်ကုတ်မြို့နယ်သည် ရခိုင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုအများဆုံး မြို့နယ်တစ်ခုဖြစ်ပြီး သစ်တန် ၂၂၁၁ ဒသမ ၇၂၉၆ တန် ဖမ်းမိပြီး စစ်တွေမြို့နယ်တွင် ၄၈၉ ဒသမ ၉၅၃ တန်ဖြင့် ဒုတိယ တရားမဝင်သစ် ခိုးထုတ်မှု အများဆုံးဖမ်းဆီးရမိသည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။

မှောင်ခိုသစ်များဖမ်းဆီးရမိမှုများတွင် တရားခံများကို ဖမ်းမိသည့်ဖြစ်စဉ်များလည်းရှိသလို ပိုင်ရှင်မဲ့ဖြစ်စဉ်များလည်း ရှိသည်ဟု ဦးဇော်မျိုးလှိုင်က ပြောသည်။

ဖမ်းဆီးရမိသည့် တရားခံများကို သက်ဆိုင်ရာ ဥပဒေပုဒ်မ အသီးသီးဖြင့် တရားစွဲထားပြီး ပိုင်ရှင်မဲ့ဖမ်းဆီး ရမိသည့်သစ်များကို မြန်မာ့သစ်လုပ်ငန်းဦးစီးဌာနကို လွှဲအပ်ထားသည်ဟု သိရသည်။

ယခုနှစ် အောက်တိုဘာနှင့်နိုဝင်ဘာလအတွင်း တရားစွဲမှှု ၁၅ မှု၊ သစ်တောမှု ၃ မှု၊ ပိုင်ရှင်မဲ့ ၁၇ မှုစသဖြင့် တရားမဝင်သစ်ခိုးခုထုတ်မှု စုစုပေါင်း ၃၅ မှုရှိသည်ဟု သိရသည်။

၂ဝ၁၉-၂ဝ၂ဝ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်ဆိုလျှင် တရားစွဲမှု ၃ဝမှု၊ သစ်တောမှု ၈ မှုနှင့် ပိုင်ရှင်မဲ့မှု၁၅၁ မှု ရှိခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ တရားမဝင်သစ်များကို တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ အများဆုံးတင်ပို့ကြကြောင်း သိရသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် သူ့နိုင်ငံအတွင်း သစ်ခုတ်လှဲခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး မြန်မာမှ တရားမဝင်တင်သွင်းသော သစ်များကို စျေးပေါပေါဖြင့် အများဆုံးတင်သွင်းအသုံးပြုသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ