တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

(၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းကကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၂/ ၂ဝ၂ဝ

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို ယခင်နှစ်များကလို အခမ်းအနားများပြုလုပ်ကာ မကျင်းပနိုင်သော်လည်း ယခုနှစ်တွင် အွန်လိုင်းက ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအွန်လိုင်းမှ ပြုလုပ်မည့် အစီစဉ်ကို We Love Rakhine အဖွဲ့မှ ဦးဆောင်ပြုလုပ်သွားမည်ဖြစ်သည်။

ကျင်းပမည့် အစီအစဉ်တွင် ရခိုင်အဆိုတော်နှင့် သရုပ်ဆောင်များဖြစ်သည့် ရတနာမိုင်၊ ညီမင်းခိုင်၊ ဝင်းကိုခိုင်၊ မင်းသာဂီနှင့် သားငယ်တို့က သီချင်းများသီဆိုဖျော်ဖြေပေးမည့်အစီစဉ်များ၊ ရခိုင်ရိုးရာ အဝတ်အထည်များ၊ အစားအစာများအား ပြသ ပေးသွားမည့် အစီစဉ်များ ပါဝင်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာလည်းဖြစ်/ We Love Rakhine အဖွဲ့မှ လက်ရှိ ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခိုင်ကောင်းစံက ပြောသည်။

“ကိုဗစ်နဲ့ဆိုတော့ သူတို့လည်း အွန်လိုင်းကပဲ သီဆိုပြီး Live လွှင့်မှာပေါ့။ သတင်း မီဒီယာ တစ်ခုခုနဲ့ ချိတ်ဆက်ပြီး Live လုပ်မှာပေါ့။ ပရိတ်သတ်တွေကတော့ အွန်လိုင်းကပဲ ကြည့်ရမှာပါ။ အဲဒီမှာ ဆွေးနွေးသွားမှာတွေကတော့ ၂ဝ၃ဝ မှာ ရခိုင်ပြည်ကို ဘယ်လိုမြင်ချင်လဲပေါ့၊ အဲဒီမှာ ရှုထောင့်မျိုးစုံက ရှိမယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ရှုထောင့်တွေ ရှိမယ်ပေါ့။ နောက် လူငယ်နဲ့ ပညာရေး၊ သက်မွေးဝမ်းကျောင်း ရှုထောင့်တွေ ရှိမယ်” ဟု နိရဥ္စရာသို့ ပြောသည်။

Live လွှင့်မည့် တွင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပါမောက္ခ ဒေါက်တာအေးချမ်း (သမိုင်းပညာရှင်)၊ စာရေးဆရာ စစ်တွေညိုသန့်၊ ရခိုင်အမျိုးသားပါတီ (ANP) ၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဒေါ်အေးနုစိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဒေါ်တင်မာအောင်၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇောဦးနှင့် We Love Rakhine မှ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်တို့ ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဲဒီနေ့မှာ ကျွန်တော်တို့က ရခိုင်ပြည်နယ်ရဲ့ အငွေ့အသက်ကို ခံစားစေနိုင်မယ့် ပန်းချီကားချပ်တွေကိုလည်း လေလံ စနစ်နဲ့ ရောင်းချပေးသွားမယ်။ အဲဒီကရတဲ့ ငွေတွေကို ကိုဗစ်ကာလအတွင်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အိမ်ထောင်စုတွေကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။” ဟု ဦးခိုင်ကောင်းစံက ဆက်ပြောသည်။

အဆိုပါ ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ဒေသခံများအနေဖြင့် ယခင်နှစ်များကကဲ့သို့ ပျော်ရွှင်စွာဆင်နွှဲ့နိုင်ရန် အလို့ငှာ ယင်းနေ့ နံနက် ၉ နာရီခန့်မှစ၍ ညနေ ၇ နာရီအထိ  We Love Rakhine ၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ Live လွှင့်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

-------------------------


(ရခိုင်ပြည်နယ်နေ့ အခမ်းအနားအစီအစဉ်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။)

“ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် We Love Rakhine  တို့ ပူးပေါင်း လုပ်ဆောင်ခြင်း အခမ်းအနား”

နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ခမ်းခမ်းနားနားဆင်နွှဲဖြစ်ကြပေမယ့် ယခုလို  Covid-19 အခြေအနေကြောင့်  ရခိုင်ပြည်နယ်နေ့ကို ပုံမှန် လုပ်နေကျအတိုင်းကျင်းပခွင့် မရပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင်ပြည်သူတွေ၊ မြန်မာ ပြည်နယ် အနှံ့မှာ ရောက်ရှိနေကြတဲ့ ရခိုင်ပြည်သူများ အနေဖြင့် ယခင်နှစ်က အတိုင်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန နှင့်  We Love Rakhine  တို့ ပူးပေါင်း၍ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်(၁၅.၁၂.၂ဝ၂ဝ) ကို  We Love Rakhine Faecbook Page မှ Online Live Stream အစီအစဉ်ဖြင့် နံနက် ၈:၅ဝ မှ ညနေ ၇ နာရီ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်အခမ်းအနား အစီအစဉ်ကို အစီအစဉ် ၄ ပိုင်းဖြင့် ဆွေးနွေးဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။

အခမ်းအနား အစီအစဉ်အဖြစ် ရခိုင်ပြည်နယ်တစ်ဝမ်းလုံးမှာရှိတဲ့ ရခိုင်လူမျိုးစုကြီးထဲတွင် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးရဲ့ တိုင်းရင်းသားမျိုးနွယ်စုများကို ကိုယ်စားပြုသော သီချင်းများဖြင့် အစီအစဉ်ကို စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

ထို့နောက်ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပါမောက္ခ ဒေါက်တာအေးချမ်း (သမိုင်းပညာရှင်)၊ We Love Rakhine ဥက္ကဌ ဦးထွန်းထွန်းနိုင် (ရခိုင်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်)၊ ဆရာ စစ်တွေညိုသန့်၊ ဒေါ်အေးနုစိန် တို့မှ အဖွင့်အမှာစကားနှင့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြောင်းများ ပြောကြားသွားမည် ဖြစ်ပါသည်။

၁။  ပထမ အစီစဉ် နှုတ်ဆက်အဖွင့်မှာစကားပြောကြားပြီးနောက် ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်မှ Rakhine Vision 2030 Panel Discussion အတွက် Key Note Speaker အဖြစ် ဆွေးနွေးပြောကြားမှာဖြစ်ပါတယ်။

၂။  ဒုတိယ အစဉ်အစီအနေဖြင့်  "Rakhine Vision 2030" ခေါင်းစဉ်ဖြင့် ဦးကျော်သိန်းခိုင်( ရခိုင် လုပ်ငန်းရှင်များအသင်း)၊ ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ၊ ဒေါ်တင်မာအောင် (ရန်ကုန်သဟာယအသင်း ရန်ကုန်), ဦးကျော်ဇော်ဦး( AFP - ရခိုင်ဦးဆောင်ပါတီ) ၊ ကိုခိုင်ကောင်းစံ (ဝံလက် Foundation) တို့မှ  ဆွေးနွေးပြောကြား မှာဖြစ်ပါတယ်။

၃။ တတိယ အစီအစဉ်က (နေ့လည် ၁ နာရီမှာ ၅ နာရီ အထိ) ရခိုင်ပြည်နယ်မှာ ရှိတဲ့ တခြား ဗီဒီယို ပရိုဂရမ်တွေ အနေဖြင့် ရခိုင်ပြည်နယ်ဒေသထွက်ကုန်များကို သက်သာသောဈေးနှုန်း ဖြင့် Live Sale  များရောင်းချသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အငွေ့အသက်ကို ခံစားစေနိုင်မယ့် ပန်းချီကားများကိုလည်း အိမ်ထောင်စု ၅၅ဝဝဝ ကိုလှူဒါန်းအည့် အစီစဉ် အတွက် လေလံစနစ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

၄။ စတုတ္ထအစီအစဉ် အနေဖြင့် ညနေ ၅ နာရီမှ စပြီး ၇ နာရီအထိ  Live ဖျော်ဖြေရေး များလည်း ထည့်သွင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သီဆို ဖျော်ဖြေမှုအနေနဲ့ ရခိုင်သားတွေချစ်ခင်ကြတဲ့ ဝင်းကိုခိုင် ၊ မင်းသာကီ၊ သားငယ်၊ ရတနာမိုင်၊ ညီမင်းခိုင်တို့မှ  ပရိတ်သတ်အကြိုက်တွေ့မယ့် သီဆို ဖျော်ဖြေပေးမှာဖြစ်ပါတယ်။

ယခုလို ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား   ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေတဲ့  ပြည်သူများကို ကူညီမယ်ဆိုတဲ့ အထိမ်းအမှတ် အနေဖြင့် လုပ်ခြင်းဖြစ်ပါတယ်။ ယခု ပွဲတော်မှ အလှူ ရရှိငွေများအား ရခိုင်ပြည်နယ်မှာ  ဒုက္ခရောက်နေတဲ့ လူတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်များ ၊ အကူအညီ လိုနေတဲ့  အိမ်ထောင်ခြေ ၅၅ဝဝဝ အား တစ်အိမ်ထောင်လျှင်တစ်သောင်းဖြင့် လှူဒါန်းသွားမှာ ဖြစ်ပါတယ် ။ ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လူမျိုးများအတွက် နေအိမ်မှနေ၍ မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် အစီအစဉ်ကို တိုက်ရိုက် ကြည့်ရှုနိုင်သည့်အပြင် ရခိုင်ပြည်နယ်အတွက် လိုအပ်သော နေရာဒေသများအတွက် အလှူဒါနများကိုလည်း တိုက်ရိုက်လှူဒါန်းနိုင်အောင် ဖန်တီးပေးထားပါသည်။

ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် We Love Rakhine တို့ အတူ ဦးစီးကျင်းပသည့် ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အား Online မှ တဆင့် ပျော်ရွှင်စွာ ကြည့်ရှုပြီး အလှူငွေများလည်း လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။

ဆက်စပ် သတင်းများ