ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.9k

ဇော်ဝင်းဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆ /၂ဝ၂ဝ

မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားဖူးခရီးသည်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်လိုအပ်နေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများနှင့် မြောက်ဦးဒေသခံများကပြောသည်။

ဘုရားဖူးဧည့်သည်များ လာရောက်လည်ပတ်မှုများနေသော မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်  အမှိုက်များကို မြင်မကောင်းအောင် စွန့်ပစ်ထားသဖြင့် စည်းကမ်းစနစ်တကျ အမှိုက်များကို စွန့်ပစ်ရန် လိုအပ်သည်ဟု မြောက်ဦးလူငယ်များအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရွှေသန်းကျော်က နိရဥ္စရာသို့ပြောသည်။

“  ဘုရားဖူးသူတွေက စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာတွေရှိနေတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် မြောက်ဦး အတွက် ကြိုးစားနေကြတဲ့အချိန်မှာ ဘုရားဖူးသူတွေအနေနဲ့လည်း မိမိတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ချစ်မြတ်နိုး တန်ဖိုးထားစေချင်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့လည်း ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဘုရားများပေါ်တွင် အမှိုက်များ သန့်ရှင်းစေရေးအတွက် ကမ်ပိန်း တစ်ခုပြုလုပ်သွားဖို့ရှိပါတယ်” ဟု ပြောသည်။

ဘုရားဖူးများအနေဖြင့်လည်း  ဘာသာရေးအရ လာရောက်ဘုရားဖူးသူများ ဖြစ်ကြသဖြင့် ဘုရားဝန်းကျင် သန့်ရှင်းလှပနေရန် စည်းကမ်းတကျ ဘုရားဖူးကြစေချင်ကြောင်း မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“ကျွန်မအမြင်ကတော့ ဘုရားအနီးမှာ စျေးရောင်းချသူတွေအနေနဲ့လည်း သူတို့ဆီကစွန့်ပစ်လိုက်တဲ့ အမှိုက်တွေကို စနစ်တကျ ကောက်ပြီး စွန့်ပစ်စေချင်ပါတယ်။ နောက်ပြီးတော့ ဂေါပကအဖွဲ့အနေနဲ့လည်း စျေးသည်တွေကို တတ်နိုင်သလောက် ထိန်းကွပ်စေချင်ပါတယ်။ ဘုရားဖူးတွေလည်း စည်းကမ်းမဲ့စွာ စွန့်ပစ် တာကို တွေ ့ရတယ်။ ဒါကြောင့်မို့ မြောက်ဦးပြရုပ်က အရမ်းဆိုးသွားရတယ်” ဟု ပြောသည်။

မြောက်ဦးဒေသခံ မမျိုးအေးသွယ်က အမှိုက်ပုံးများ ရှိနေသော်လည်း ဘုရားဖူးများက စည်းကမ်းမဲ့ အမှိုက်များကို စွန့်ပစ်မှုများရှိနေသဖြင့် အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်နေသည်ဟု ပြောသည်။
“မြောက်ဦးဆိုတာက ရခိုင်တို့ရဲ့ရှေ့ဟောင်းသမိုင်းဝင်မြို့တော်ဖြစ်တယ်။ နောက်ပြီးတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင်ကြိုးစားနေကြတဲ့အချိန်မှာ အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ မပစ်စေချင်ပါဘူး။ အမှိုက်တွေက ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှုတွေရှိစေတယ်”ဟု ပြောသည်။

ဒီဇင်ဘာလသည် ရခိုင်တွင် ဘုရားဖူးရာသီဖြစ်သဖြင့် လတ်တလောတွင် စစ်ပွဲများ ရပ်နားနေရာမှ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ မြောက်ဦးအပါအဝင် တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးသွားလာနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ