ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၇/ ၂၀၂၀
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က ကျရောက်ခဲ့သည့် (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့ခဲ့သည့် သဝဏ်လွှာ၌ ရခိုင်မျိုးနွယ်စုများထဲမှ ကမန်တိုင်းရင်းသားအား ချန်လှပ်ကာဖော်ပြခဲ့သည့်အတွက် သဝဏ်လွှာအား ပြန်ပြင်ပေးရန် ကမန်တိုင်းရင်းသား လူမှုကွန်ရက်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။
ကမန်တိုင်းရင်းသားလူမှုကွန်ရက်မှ ဥက္ကဋ္ဌ ဦးထွန်းငွေက “ကျန်ခဲ့တဲ့ မျိုးနွယ်စုတွေဟာ တိုင်းရင်းသားအနေနဲ့ စိတ်ဝမ်းကွဲပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ တပ်မတော်ပြန်ကြားရေးအနေနဲ့ ပြန်ပြီး ပြင်ဆင်ပေးဖို့ ကျွန်တော့်အနေနဲ့ တောင်းဆိုပါတယ်။ ပြန်ပြင်ပေးပါလို့ တောင်းဆိုပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့သော ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာကို ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှ ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်တွင် တရားဝင် တိုင်းရင်းသားလူမျိုးစု (ရ) စု နေထိုင်လျှက်ရှိကြရာ ၄င်းတို့မှာ ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မြို၊ မရာမာကြီး၊ သက်လူမျိုးများဖြစ်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ပေးပို့သော သဝဏ်လွှာတွင် ရခိုင်မျိုးနွယ်စုဖြစ်သော ကမန်လူမျိုးစုကို ထည့်သွင်း ဖော်ပြထားခြင်းမရှိသဖြင့် ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ရေးသား ဖော်ပြထားသည်။
“အခုလိုမျိုး တိုင်းပြည်ကိုတည်ဆောက်နေတဲ့အချိန်၊ ငြိမ်းချမ်းရေးကို ယူမယ့်အချိန်၊ ဖက်ဒရယ်ကိုသွားမယ့် ပြည်ထောင်စုအဆင့်အနေနဲ့ သွားကြမယ့်နေရာမှာ နိုင်ငံတော် အကြီးအကဲအနေနဲ့ သဝဏ်လွှာပေးပို့တဲ့အခါ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ မျိုးနွယ်စုများလို့ ကိုယ်စားပြုပြီးသုံးလိုက်ရင်လည်းကျွန်တော်တို့က ပြောစရာအကြောင်းမရှိပါဘူး။ တစ်ခုစီဖော်ပြတဲ့အခါ ရ မျိုးလုံးကို ပြည့်စုံအောင် ရေးဖို့လိုပါတယ် ” ဟု ကမန်တိုင်းရင်းသားလူမှုကွန်ရက်မှ ဥက္ကဋ္ဌ ဦးထွန်းငွေက ဆက်ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့သည့် သဝဏ်လွှာတွင် ရခိုင့်အာဇာနည် ဆရာတော်အရှင်ဦးဥတ္တမအား အာဇာနည်အရှင်သူမြတ် ဦးဥတ္တမသာရဟု လွဲမှားစွာရေးသား ဖော်ပြခဲ့သည် ကိုလည်း များစွာစိတ်မကောင်းဖြစ်၇ကြောင်း ဦးထွန်းငွေက ပြောသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၇ခိုင်ပြည်နယ်နေ့သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအရ အသိအမှတ်ပြု ပြဌာန်းခဲ့သည့် ၇ခိုင်ပြည်နယ်နေ့ကို ဖြစ်သည်။
Photo by Kaman Ethnic Group