UNDP နှင့် RECတို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပညာပေးမှုပြုလုပ်


ဇော်ဝင်းဌေး (ငခူချောင်း)
စစ်တွေ၊ ဒီဇင်ဘာ ၁၈/ ၂ဝ၂ဝ

စစ်တွေရှိ UNDP၏ ရခိုင်ဒေသ စီမံချက်ရုံးနှင့် Rakhine Ethnic Congress (REC)/ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး တို့ပူးပေါင်းပြီး စစ်တွေမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ပညာပေးခြင်း စီမံချက် တစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။

REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ ကိုဗစ်က ထိန်းချုပ်လို့ရမယ့် အနေအထား မရှိသေးဘူး။ ပွင့်လင့်ရာသီ ရောက်လာတဲ့အတွက် လူတွေကလည်း အပြင်ထွက်တာတွေ များလာတယ်။ လေကြောင်း လိုင်းတွေပြန်ဖွင့်လာပြီဆိုတော့ ကိုဗစ်ကူးစက်ပျံ့ပွားမှုနုန်းလည်း မပြန့်ပွားနိုင်ဖို့အတွက် သတိရလာအောင် ပြန်ပြီးတော့ အသိပေးတဲ့ သဘောလေးပါ” ဟု နိရဥ္စရာသို့ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ကိုဗစ်ကြောင့် သေဆုံးမှုနုန်း တဖြည်းဖြည်း မြှင့်တက်လာနေပြီး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ ကိုဗစ်ကြောင့် သေဆုံးမှုနုန်း လျော့ကျ မလာသည့်အတွက် အသိပညာပေးစီမံချက်ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ၎င်းစီမံချက်ကို ၅ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း  ၎င်းကပြောသည်။

“ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကိုတော့ ပြည်သူတွေနဲ့လိုက်နာသင့်ပါတယ်။ စစ်တွေမြို ့ ကတော့ stay home မှာ အကျုံးဝင်နေသေးတယ်။  stay home ကို ပြန်လည်မရုတ်သိမ်းသေးပေမယ့် ပြည်သူတွေကတော့ စည်းကမ်းလိုက်နာမှု အားနည်း နေကြတယ်။  ကိုဗစ်မဖြစ်ခင်ကလိုမျိုး လူစုလူဝေး လုပ်တာတို့လျော့သင့်ပါတယ်။ အခက်ကြုံနေရတဲ့ လက်လုပ်လက်စားတွေအနေနဲ့လည်း မဖြစ်မနေ အပြင် ထွက်မယ်ဆို ရင် mask တွေ တပ်ပြီး သွားကြပါ” ဟုပြောသည်။

အသိပညာပေးရေး စီမံချက်ကို စစ်တွေမြို ့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ လူဦးရေ စုစုပေါင်း၂၅ဝဝဝ တို့ကို နှာခေါင်းစည်များ၊ ဆပ်ပြာ စသည့်တကိုယ်ရေကာကွယ်ရေး ပစ္စည်းများကိုလည်း ဝေငှပေးခဲ့ကြကြောင်း သိရသည်။

စစ်တွေပြည်သူ့ဆေးရုံးကြီးတွင် ဒီဇင်ဘာ ၁၈ ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁၃၉၃ ဦး ရှိသွားပြီ ဖြစ်ကာ ဆေးရုံးဆင်းခွင့်ရသူ ၁၃၅၄ဦး ရှိပြီး ကုသဆဲ ၂၂ ဦးနှင့် သေဆုံးသူပေါင်း ၁၇ ဦးရှိကြောင်း Rakine Covid-19 Watch ၏ စာရင်း ဇယားအရ သိရသည်။

အောက်ဆီဂျင်ပေးထားရသူ ၈ ဦးရှိကြောင်းလည်း သိရသည်။ ရခိုင်တစ်ပြည်နယ်လုံးတွင် သေဆုံးသူ ၃၄ ဦးရှိသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

(  Photo by REC Post)


Share: