သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

DMG သတင်းထောက်အမှုဖွင့်သည့်ကိစ္စ MPCမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံမေတ္တာရပ်ခံစာ ပေးပို့သော်လည်းတစ်စုံတစ်ရာအကြောင်းမပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၁/ ၂ဝ၂ဝ

စစ်တွေမြို့ အခြေစိုက် DMG (Development Media Group) သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်မင်း (ကျော်မျိုးအောင်) ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ (MPC)က ဝန်ကြီးချုပ် ဦးညီပုထံ ဒီဇင်ဘာ ၁၅ ရက်နေ့က မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း ယနေ့ထိ တစ်စုံတစ်ရာ အကြောင်းပြန်မှုမရှိသေးကြောင်း MPC မှ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။

“ကျွန်တော်တို့က ဝန်ကြီးချုပ်ဦးညီပုအပါအဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ အဲဒီ လမ်းကိစ္စက အရာရှိဆီကို မေတ္တာရပ်ခံစာပေးပို့ထားပါတယ်။ သတင်းမီဒီယာ ကောင်စီက မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲတွေ၊ ကမ္ဘာ့သင်းမီဒီယာလွတ်လပ်ခွင့် အခမ်းနားတွေ အကုန်လုံး အခမ်းအနားတွေထဲမှာ ပြောခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာနဲ့ပတ်သက်လို့ ဆောင်ရွက်တာရှိတယ်၊ သတင်းမီဒီယာ ကောင်စီရှိတယ်။ သတင်းမီဒီယာဥပဒေတွေ ရှိတယ်။ ဒါကြောင့်မို့လို့ သတင်းလုပ်ငန်းကိစ္စနဲ့ ဆက်စပ်တယ် ဆိုလို့ရှိရင် သတင်းမီဒီယာဥပဒေအရပဲ သတင်းသမားတွေကို အရေးယူဖို့၊ ကောင်စီကို တိုင်ကြားဖို့ ကျွန်တော်တို့ တစိုက်မတ်မတ် ပြောခဲ့တာတွေ ရှိပါတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

၎င်းစာကို ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအပါအဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ အပါအဝင် တရားလိုတို့ထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က မောင်တော ၃ မိုင်တံတား ပြိုပျက်နေ၍ အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြောင်း DMG သတင်းထောက် ကိုအောင်ကျော်မင်း (ကျော်မျိုးအောင်) သတင်းရေးသားရာတွင် အင်တာဗျူး ဖြေကြားချက် ထဲတွင် စကားလုံးအချို့ကို ပြောဆိုခဲ့ခြင်းမရှိဘဲ သတင်းတွင်ထည့်သွင်းဖော်ပြသည်ဟုဆိုကာ မောင်တောခရိုင် လမ်းတံတားအထူးအဖွဲ့ (၄) မှ အင်ဂျင်နီယာ ဦးမောင်ဝင်းက ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ခဲ့ကြောင်း DMG သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ မီဒီယာကောင်စီအနေနဲ့ ဒါကို လက်မခံဘူး။ သတင်းမီဒီယာဥပဒေရှိတဲ့အတွက် သတင်း မီဒီယာဥပဒေအရပဲ ဆောင်ရွက်ပါစေလို့ အမြဲတမ်းပြောခဲ့ပါတယ်။ သတင်းမီဒီယာဥပဒေအပြင် ကျန်တဲ့ ကြီးလေးတဲ့ ဥပဒေပဲဖြစ်ဖြစ်၊ ကျန်တဲ့ ဥပဒေတွေနဲ့စွဲတာကို ကျွန်တော်တို့ ကောင်စီအနေနဲ့ လက်မခံဘူး။  ကျွန်တော်တို့ ကောင်စီအနေနဲ့ကတော့ သတင်းသမားတွေကို သတင်းမီဒီယာဥပဒေတွေနဲ့ပဲ အရေးယူပါ။ ကောင်စီကိုတိုင်ပါ၊ ကျန်တဲ့ဥပဒေတွေနဲ့ အရေးမယူပါနဲ့ဆိုတာကို အမြဲတမ်းပြောဆိုတယ်။ အဲလိုမျိုးပဲ လုပ်ပါဆိုပြီးတော့ ကျွန်တော်တို့ တိုက်တွန်းထားတယ်။ ” ဟု နိရဥ္စရာသို့ ပြောသည်။

၂ဝ၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသော သတင်းမီဒီယာ ဥပဒေ အခန်း(၈) ပုဒ်မ ၂၁ တွင်  နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်း မီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်း ထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ဖော်ပြပါရှိသည်။

DMG ဒုတိယ တာဝန်ခံ အယ်ဒီတာ ဦးနေဝင်းစံက “အမှုကိစ္စက ကျွန်တော်တို့အတွက် ပိုပြီးအရေးကြီးပါတယ်။ MPC နဲ့ အစိုးရအဖွဲ့တွေက ဒီအစိုးရအဖွဲ့တွေနဲ့ ဒီထက်ပိုပြီး အများကြီးချိတ်ဆက်ဖို့ လိုသေးတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အခုအချိန်ဆိုရင် MPC ဟာ ကျွန်တော်တို့မှာ တစ်ခုတည်းသော အားကိုးရာလို့ ပြောလို့ရတယ်ပေါ့နော်။ ကျွန်တော်တို့ သတင်းမီဒီယာတွေအတွက် တကယ့်ကို အရေးကြီးတဲ့နေရာမှာ ရှိနေတယ်ပေါ့။ သို့သော်လည်း MPC က ပေးပို့တဲ့ စာတောင်မှ အစိုးရအဖွဲ့နဲ့ အခုလိုအချိန်အကြာကြီး ကင်းကွာနေတယ်ဆိုလို့ရှိရင် ဒါဟာ အလုပ်ဖြစ်ဖို့ အများကြီးလိုအပ်သေးတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု ပြောသည်။

DMG ၏ ထုတ်ပြန်ချက်တွင်လည်း  လမ်းတံတားအထူးအဖွဲ့ (၄) နှင့် အစိုးရအဖွဲ့တို့မှာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ (MPC) မှတစ်ဆင့် ရှေးဦးစွာညှိနှိုင်းဆောင်ရွက်မှု မပြုလုပ်ခဲ့ဘဲ သတင်းသမားတစ်ဦးကို တိုက်ရိုက်အမှုဖွင့်လှစ်ခြင်းသည် သတင်းမီဒီယာဥပဒေနှင့် လွဲချော်နေသည့်အပြင် ဥပဒေအရ တရားဝင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီကို အသိအမှတ်မပြု၊ အလေးမထားရာ ရောက်နေသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က DMG သတင်းဌာနမှ တာဝန်ရှိသူများက ယင်းအမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)  သို့ တိုင်ကြားခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)မှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ထံ မေတ္တာရပ်ခံစာပေးပို့ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အစည်းဝေးလုပ်နေကြောင်းပြောပြီး ဖုန်းချသွားသည်။

စည်ပင်ဝန်ကြီးဦးဝင်းမြင့်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း ထိုကိစ္စအား ဦးအောင်ကျော်ဇံကို မေးရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဆက်စပ် သတင်းများ