ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/ ၂၀၂၀
မြန်မာနိုင်ငံမှ ကော်ရန်တင်းဝင်၇သူများနှင့် ကိုဗစ်-၁၉ ကူးစက်ခံရသည့် သတင်းသမားများအား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) မှ ထောက်ပံ့ငွေများ ဆက်လက် ပေးအပ်နေကြောင်း သတင်းရရှိသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ယခုလ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ သတင်းသမားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများအပါအဝင် Home Quarantine ဝင်ရသူများနှင့် Facility Quarantine ဝင်ရသူတို့အား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) မှ ငွေ တစ်သိန်းကျပ်စီ ထောက်ပံ့ ပေးနေကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
“နိုဝင်ဘာ ၁ ရက်နေ့ကနေစပြီး အဲလိုမျိုးဖြစ်တဲ့သူတွေဆိုရင် အမည်၊ နေရပ်၊ လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ကိုယ် ကော်ရန်တင်းဝင်ခဲ့ရတဲ့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနထောက်ခံချက်၊ အယ်ဒီတာရဲ့ ထောက်ခံချက် တို့နဲ့ တင်ပြရင် ထောက်ပံ့ပေးပါတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။
၂၀၂၀ ပြည့်နှစ်အတွင်း စက်တင်ဘာလ ၂၁ ရက်နေ့အထိ ကိုဗစ်အတည်ပြု သတင်းသမား ၃ ဦးနှင့် Facility Quarantine ဝင်၇သူ ၃၃ ဦးအပါအဝင် Home Quarantine ဝင်၇သူ ၅၁ ဦး စုစုပေါင်း သတင်းသမား ၈၇ ဦးတို့ကို ကူညီထောက်ပံ့ပေးသည့် ငွေကျပ် ၁၂၃ သိန်းအား ပေးခဲ့ကြောင်းလည်း MPC ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
“ကျွန်တော်တို့ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ထောက်ပံ့ငွေ သိန်းတစ်ရာကျော်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ ဘတ်ဂျက်မရတော့ မနိုင်တော့ဘူး။ ကျွန်တော်တို့မှာ ဘတ်ဂျက်ငွေ နှစ်ပိုင်းရှိတယ်ပေါ့။ ပထမက သီးသန့်ရန်ပုံငွေ၊ ဒုတိယက အလှူရှင်တွေ ထောက်ပံ့တဲ့ ထောက်ပံ့ငွေတွေပေါ့။ အခု နိုဝင်ဘာ ၁ ရက်ကနေ ပြန်လည် စတင် ထောက်ပံ့နေတာပေါ့” ဟု ဦးကျော်စွာမင်းက ဆက်ပြောသည်။
ကိုဗစ်ကြောင့် အခက်ခဲရှိနေကြသည့် သတင်းသမားများကို ထောက်ပံ့ခြင်းမှာ ကောင်းသည့် လုပ်ဟု စစ်တွေ အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုဧကရာဇ်ကပြောသည်။
“ဒါက ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကော်ရန်တင်း ဝင်နေရတယ်၊ ဆိုလိုချင်တာက တချို့မှာ အခက်ခဲ ရှိတဲ့သူတွေလည်း ရှိမယ်၊ အခက်ခဲမရှိတဲ့သူတွေလည်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် ထောက်ပံ့ ပေးတယ်ဆိုတာက ကောင်းပါတယ်။ ကိုယ်တို့ မီဒီယာသမားတွေကို မီဒီယာအဖွဲ့အစည်းတစ်ခုက ထောက်ပံ့တယ်ဆိုတာက သဘာ၀လည်း ကျပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
သတင်းမီဒီယာသမားများအနေဖြင့် အမည် (ဆက်သွယ်ရန် ဖုန်းနံပါတ်)၊ လုပ်ကိုင်လျှက်ရှိသည့် သတင်းဌာန၊ ရာထူးနှင့်တာဝန်၊ လက်ရှိနေထိုင်သည့် နေရပ်လိပ်စာ၊ Quarantine ဝင်ရခြင်း၊ Positive ဖြစ်ခြင်းတို့အတွက် မှတ်တမ်းအထောက်အထား၊ သတင်းတိုက် အယ်ဒီတာချုပ်၏ ထောက်ခံချက်တို့ကို ပြည့်စုံစွာရေးသားကာ MPC ၏ အီးမေးလ်လိပ်စာ [email protected] နှင့် ၀၉ ၄၄၈ ၀၂၆ ၃၂၆ တို့ကို ဆက်သွယ် ပေးပို့နိုင်ကြောင်း MPC ၏ စာမျက်နှာတွင် ရေးသားထားသည်။