Preview

၂၀၁၇ ခုနှစ်အရေးအခင်းအတွင်း မီးထဲပါသွားသည့် မောင်တောမြို့နယ်မှ နေအိမ်အလုံး၅၀၀ကို UEHRD က ဆောက်ပေးမည်

ဒီဇင်ဘာ ၂၄/ ၂၀၂၀ | ကြည့်ရှုသူ :1484
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂၀၂၀

၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၂၀၁၇ ခုနှစ် အရေးအခင်းအတွင်း မီးလောင်ပျက်စီးသွားသည့် ကျေးရွာနှင့် ရပ်ကွက်များမှ မူဆလင် ကျေးရွာသားများအတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) က နေအိမ်များ ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာနှင့် ရပ်ကွက်များမှာ မောင်တောမြို့ရှိ မြို့မအရှေ့ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ငါးခူရ၊ ကျောက်လှေကား၊ သီဟိုကျွန်းကျေးရွာ၊ ပဒင်း၊ အလယ်သံကျော်၊ ကျားခေါင်းတောင်ကျေးရွာ တို့ဖြစ်ကြောင်း၊ တစ်ဖက်နို်င်ငံသို့ ထွက်မပြေးဘဲ ကျန်နေခဲ့သူများ၏ နေအိမ်များဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

 “မီးလောင်ပြီး တစ်ဖက်နိုင်ငံကို ထွက်မပြေးဘဲရှိတဲ့ လူတွေအတွက် ဆောက်လုပ်ပေးတာပါ။ ၂၀၁၇ ဖြစ်စဉ်မှာ မီးလောင်ပြီးတစ်ဖက်နိုင်ငံကို ထွက်မပြေးဘဲ သူတို့ရွာတွေမှာ မပျက်စီးသေးဘဲ ကျန်ခဲ့တဲ့ အိမ်တွေကို ပြန်ဆောက်ပေးတာ။ အဲဒီမီးလောင်သွားတဲ့နေရာမှာပဲ ပြန်ဆောက်ပေးမှာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

နေအိမ် အလုံး ၅၀၀ ခန့်အား ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး နေအိမ်များကို သွပ်မိုး၊ ထရံကာပုံစံ ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ဦးစိုးအောင်က ပြောသည်။

လက်ရှိတွင် ဆောက်လုပ်ပေးသွားမည့် မြေနေရာများအား ပြုပြင်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စတင်အကောင်ထည်ဖော်နေကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက ပြောသည်။

“UEHRD အစီစဉ်နဲ့ အိမ်တွေ ဆောက်လုပ်ပေးဖို့လုပ်နေတာပါ။၂၀၁၇ ဖြစ်စဉ်ဖြစ်တယ်။ ဖြစ်ပြီးတော့ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ထွက်မပြေးဘူး။ ကိုယ့်ရပ်ရွာထဲမှာဘဲ ကျန်ခဲ့တဲ့အဖွဲ့တွေ၊ ဒါပေမယ့် အိမ်တွေမီးလောင်သွားတဲ့ အဖွဲ့တွေအတွက် UEHRD အစီစဉ်နဲ့ အိမ်တွေပြန်ဆောက်ပေးနေတာ ရှိပါတယ်။ သူတို့ရဲ့ မူလနေရာတွေမှာပဲ အဲဒီနေရာအတိုင်း ပြန်လုပ်ပေးတာ။ ကျွန်တော်တို့က ပထဦးစားပေး၊ ဒုတိယဦးစားပေး အစီစဉ်အတိုင်း တစ်ဆင့်ချင်း ဆောက်ပေးသွားမှာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ နေအိမ်များကို ယခင်မီးလောင်ပျက်စီးသွားသည့် မူလနေရာအတိုင်း ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ဦးအောင်ရဲက ပြောသည်။

UEHRD ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGO နှင့် CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGO များ ပူးပေါင် းပါဝင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၇ ရက် နေ့တွင် ဖွဲ့စည်းခဲ့သည်။

အဖွဲ့ကို UEHRD ဟု လူသိများသော်လည်း အဖွဲ့၏ အရှည်အမည်မှာ  “ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီ (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ဖြစ်သည်။


#ဒုက္ခသည်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.