“ ဘယ်လိုလူမျိုးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်စေချင်လဲ”
(အိမ်စိုးဖြူ၊ သျှင်မင်းဇံ မေးမြန်းသည်)
နိရဥ္စရာ၊ ဒီဇင်ဘာ၂၆/၂ဝ၂ဝ
လာမည့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နောက် ၅ နှစ် သက်တမ်းအတွက် NLD အစိုးရသစ် တက်လာ တော့မည် ဖြစ်သည်။ အစိုးရသစ်နှင့် အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လည်း ပေါ်ပေါက် လာတော့မည်ဖြစ်သည်။ လက်ရှိ ရခိုင်ပြည်နယ်သည် ပြည်နယ်နှင့် တိုင်း ၁၄ခုတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ဆင်းရဲမွဲတည်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ အကျင့်ပျက်ခြစားမှုများ၊ အဂတိလိုက်စားမှု၊ နေရပ်စွန့်ခွာမှုနှင့် လူသားရင်း မြစ်များဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ တစ်ဖက်မှာလည်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူများ သိန်းနှင့်ချီပြီးရှိနေသလို တစ်ဖက်ဘင်္ဂလာဒေရှ်သို့ ထွက်ပြေး ရောက်ရှိနေသည့် သိန်းနှင့်ချီရှိသည့် မူဆလင်ဒုက္ခသည်များ ပြဿနာလည်း ရှိနေသည်။ ထိုကဲ့သို့ ဖြေရှင်းစရာ စိန်ခေါ်မှု ပြဿနာမြောက်များစွာရှိနေသော ရခိုင်ပြည်နယ်တွင် နောက်ဖြစ်လာမည့် ဝန်ကြီးချုပ်သည် မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးဖြစ်သင့်ပါသလဲ။ လက်လှမ်းမီရာ ဒေသခံ ၄ ဦးကို မေးမြန်းတင်ပြပေးလိုက်ပါသည်။
ပန်းချီသျှင်လှ(ပန်းချီဆရာမ၊ စစ်တွေမြို့)
“ ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့် အပြည့်အဝရတဲ့ ဝန်ကြီးချုပ်မျိုး ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ အရင် ဝန်ကြီးချုပ်တွေ ရှိခဲ့ကြတယ်။ ကိုယ့်မြို့အတွက်၊ မြို့နယ်အတွက် တော်တော်ပဲ လုပ်ပေးတဲ့လူ ရှိခဲ့သလို၊ လုပ်ခွင့်မရတဲ့ လူတွေလည်း အများကြီးရှိခဲ့တယ်။ အဲတာမျိုးမဖြစ်ရအောင် အဓိကတော့ ဝန်ကြီးချုပ်ဆိုတာဟာ လုပ်ပိုင်ခွင့် သူ့ Authority ရှိရမှာပေါ့။ အဲလို လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်စေချင်တယ်။ နောက်ပြီးတော့ စေတနာရှိတဲ့ လူမျိုးပေါ့။ အဲလို လူမျိုးဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တာတော့ ဒီတိုင်းရင်းသားပါတီက ဝန်ကြီးချုပ် တစ်ဦးလောက်ဖြစ်စေချင်တယ်။ ဘာလို့ဆိုတာ တိုင်းရင်းသားဝန်ကြီးချုပ်ဆိုရင် နယ်မြေဒေသ၊ ကိုယ့်ရဲ့ ပြည်နယ်အကြောင်းကို နားလည်တယ်။ ဟို အကုန်လုံးကိုသိထားတယ်ဆိုတော့ လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ၊ တာဝန် ဆောင်ရွက်တဲ့ အချိန်အခါမှာလည်း တိုင်းရင်းသားတွေရဲ့ခြေလှမ်းဟာ ဒီ့ပြင်လူတွေ၊ ဧည့်သည်ရဲ့ခြေလှမ်းထက် အရမ်းသာတယ်။ နေရာတကာကို စေ့စပ်တယ်ပေါ့။ လိုအပ် တာလေးတွေကို လုပ်ပေးနိုင်တယ်။ အဲတာကြောင့် တတ်နိုင်လို့ရှိရင် တိုင်းရင်းသားအဖွဲ့အစည်းက၊ ရခိုင် အဖွဲ့စည်းက အဲဒီ ဝန်ကြီးချုပ် တစ်နေရာရစေချင်တယ် ပေါ့နော်။ အဲလိုပဲ NLD ပါတီကိုလည်း တိုက်တွန်း ပါတယ်။ ကိုယ်ချင်းစာတရားနဲ့ပေါ့နော်။ အမှန် အောင်မြင်ဖို့ အတွက် အန်တီတို့ဟာ နယ်မြေဒေသ အခြေအနေကို နားလည်သူ၊ ကျွမ်းကျင်တဲ့လူကို နေရာပေးလိုက်လို့ ရှိရင် ဒါဟာ အထက်ကပုဂ္ဂိုလ်တွေ မပင်ပန်းတော့ဘူးပေါ့နော်။ အကုန်လုံး အစစ အရာရာ အဆင်ပြေလိမ့်မယ်လို့ အန်တီထင်တယ်။”
မသန်းသန်းရွှေ (Triple E Management တည်ထောင်သူ)
“ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကိုလိုချင်တယ်။ လူငယ်အရေးဆိုတော့ များသော အားဖြင့် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ့။ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုလို့ရှိရင် ပညာရေးကကျတော့ လူမှုရေးအခန်းကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေကကျတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ၊ ဆိုတော့ ဒီလူငယ်မျိုးဆက်တစ်ခုအနေနဲ့ လူငယ်တွေလိုအပ်တာက သူတို့ဟာ ပညာပြည့်ဝပြီးတော့ အရည်အသွေးရှိတဲ့ အရည်အချင်းရှိတဲ့လူတစ်ယောက်အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေနဲ့ ဝင်ငွေတွေနဲ့ ကမ္ဘာကိုလှမ်းနိုင်တဲ့ လူငယ်တွေဖြစ်ချင်တယ်ပေါ့။ ဆိုတော့ ကျမအနေနဲ့ ပြောရရင် တက်လာတဲ့ ဝန်ကြီးချုပ်တွေဟာ ကမ္ဘာကိုကျော်မယ်။ စင်္ကာပူကိုကျော်မယ်။ ဘယ်သူကိုကျော်မယ်။ ကမ္ဘာကြီးကို ဘယ်လိုမျိုးကျော်မယ်ဆိုတဲ့ စကားမျိုးတွေကို လိုချင်တာတော့ မဟုတ်ဘူး။ အဲဒီစကားတွေထက် ကျမတို့က အခုလက်ရှိ ရှိနေတဲ့အနေအထားမှာ ပကတိ လက်တွေ့ဆန်တဲ့ အောင်မြင်မှုတွေနဲ့ တိုးတက်မှု တွေကို ပြသနိုင်တဲ့ လူမျိုးဖြစ်ရင် ကျေနပ်တယ်။ မဟုတ်ဘဲနဲ့ ကျမတို့က ကမ္ဘာကြီးကို ကျော်မယ်ဆိုတဲ့ အိပ်မက်တွေဟာ မဖြစ်နိုင်တဲ့ အရမ်းအလှမ်းကွာဝေးတဲ့ အတွေးတွေနဲ့ မက်လုံးတွေ ပေးပြီးတော့ အိပ်မက် မက်နေရတဲ့ အနေအထားမျိုး ကျမမလိုချင်ဘူး။ ကျမတို့ဟာ လက်တွေ့နဲ့ နီးစပ်တဲ့ လက်တွေ့ မြေပြင် အခင်းအကျင်းမှာ တကယ့်တိုးတက်မှုကို ဖန်တီးနိုင်တဲ့ အလုပ်တွေလုပ်တဲ့ လူမျိုး တစ်ယောက်ဖြစ်တဲ့ အားရ ကျေနပ်ဖွယ်ရာ အလုပ်တွေကို လုပ်ပြနိုင်တဲ့ လူတစ်ယောက်ကိုတော့ လိုချင်တယ်။ ဘာလို့လည်းဆိုတော့ ပြည်သူတွေအားကိုးတဲ့ သြူုဖစ်စေချင်တယ်။ ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဒီဒေသရဲ့ အကြီးအကဲ ဝန်ကြီးချုပ်နဲ့ ဆိုင်တယ်။ သူရဲ့ စီမံခန့်ခွဲမှု သူ့ရဲလုပ်ဆောင်ချက်တွေက ဘယ်လောက်ထိအားတက်သရောနဲ့ အလုပ်လုပ်နေသလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ ဆိုတော့ ကျမတို့ အလုပ်လုပ်တဲ့လူကို လိုချင်တယ်။”
ဆရာသန်းထွန်း (စစ်တွေတွင် လူမူရေးဆောင်ရွက်သူ)
“အခု ကျနော်တို့ ရွေးကောက်ပွဲ နှစ်ကြိမ်ဖြတ်သန်းဖူးပြီးပေါ့။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲ နှစ်ကြိမ်ဖြတ်သန်းပြီးတဲ့အခါ ဝန်ကြီးချုပ် နှစ်ဦးနဲ့ပဲ ဆက်ဆံခဲ့ရတယ်။ တချို့တိုင်းနဲ့ ပြည်နယ်မှာ သုံးဦးပေါ့။ ရခိုင်ပြည်နယ်မှာ ထူးထူးခြားခြားက ရွေးကောက်ပွဲနှစ်ကြိမ်မှာ ဝန်ကြီးချုပ် လေးဦးနဲ့ ဆက်ဆံခဲ့ရတယ်။ လေးဦးနဲ့ ဆက်ဆံခဲ့တဲ့အခါမှာ အဲလေးဦးထဲမှာ ဘယ်သူက ထက်မြတ်တယ်။ ဘယ်သူက နည်းနည်း လိုအပ်တယ်။ ဘယ်သူက ရခိုင်လူမျိုးအကျိုးကို ဆောင်ရွက်နိုင်တယ်။ ဘယ်သူကအားဖြင့် ပိုဆောင်ရွက် နိုင်တယ် စသဖြင့် ၄ ဦးကို အကဲဖြတ်ခွင့်ရခဲ့တယ်လေ။ အဲဒါလေးတစ်ခုကတော့ ရခိုင်ပြည်နယ်က လူတွေ အတွက် ဘယ်လိုလူမျိုးက ဝန်ကြီးချုပ်ဖြစ်သင့်သလဲဆိုတာ ရခိုင်တွေအတွက် ရွေးချယ်မှုပေါ့။ စဉ်စားဉာဏ်ကို ပိုကောင်းစေတယ်လေ။ အဲတွက် ရခိုင်ပြည်နယ်မှာ အခုက conflict ကနှစ်ခုရှိတယ်။ ရခိုင်နဲ့ နောက် နိုင်ငံခြားသားတွေ ခိုးဝင်တဲ့ ကိစ္စတစ်ခုရှိတယ်။ နောက်တစ်ခုက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင်တပ်တော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကဏ္ဍတစ်ခုရှိတယ်။ အဲဒီ comflict နှစ်ခုကြားမှာ လုံးထွေးနေရတဲ့ ရခိုင်ပြည်သူတွေအတွက် နည်းနည်းပါးပါး ကြားဝင်ညှိနှိုင်းပေးနိုင်တဲ့လူ၊ အဆင်ပြေအောင် ညှိနှိုင်းပေးနိုင်တဲ့လူဖြစ်ရမယ်။ နောက်တစ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို တခြားတိုင်းနဲ့ ပြည်နယ်တွေလို ရင်ဘောင်တန်းနိုင်အောင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်တဲ့လူ ဖြစ်စေချင်တယ်။ နောက်တစ်ချက်ကတော့ ပြည်သူလူထုတွေနဲ့ မစိမ်းကားဘဲနဲ့ ရခိုင်ပြည်သူလူထုတွေနဲ့ ညှိနှိုင်းပြီး ရခိုင် အကျိုးကို ဆောင်ရွက်တဲ့လူမျိုးကိုပဲ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်စေချင်တယ်။ ”
ဦးစိုးနိုင်(လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ စစ်တွေမြို့)
“ အခု ရခိုင်ပြည်နယ်က ၄ ပုံ ၁ပုံ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ မဲနဲ့ပဲ အတည်ပြုမယ်ဆိုရင် လက်ရှိ ဝန်ကြီးချုပ်ပဲ ခန့်ချင်လို့ ဖြစ်မှာပေါ့။ တကယ့် လူထုကိုယ်စားပြု အမတ်တွေထဲက ဝန်ကြီးချုပ်ကို ရွေးချယ်မယ်ဆိုရင်တော့ နောက်ကျန်တဲ့ မြို့နယ်ကိုလည်း ရွေးကောက်ပွဲ ထပ်လုပ်ပေးမှ ဖြစ်မှာပေါ့။ ရွေးကောက်ပွဲက မလုပ်ဖြစ်တဲ့ မြို့နယ်တွေမှာ ထပ်လုပ်ပေးမှ ရမယ်လေ။ အဲတာ အဖြေက ရှင်းရှင်းလေးပဲ။ နောက်ဆက်တွဲ ရွေးကောက်ပွဲကို မလုပ်ပေးဘူးဆိုရင် လက်ရှိ လူကိုပဲ ဆက်ထားလိုတဲ့အနေအထားဖြစ်သွားမယ်။ အများထဲက လူကိုရွေးပြီး ကျယ်ကျယ် ပြန့်ပြန့် ဒီမိုကရေစီအရ ပြုပြင်ပြောင်းလဲ စေချင်ပါတယ်။ ရခိုင်လူမျိုးတွေနဲ့ ပြည်ထောင်စုအစိုးရရဲ့ သဟဇာတ ဖြစ်စေချင်တယ်ဆိုရင်တော့ နောက်ဆက်တွဲ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ မျှော်လင့်ပါတယ်။ ပြည်သူတစ်ယောက် အနေနဲ့ ကျနော်တို့ ခေါင်းဆောင်ကောင်းကို မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို အပြည့်အဝ ရွေးချယ်နိုင်ခဲ့တဲ့ အနေအထား ရှိခဲ့တယ်။ လွှတ်တော်လည်း အင်အားလည်း ပြည့်တယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကလည်း အင်အားပြည့်တဲ့ လွှတ်တော်ပေါ့။ အဲဒီလွှတ်တော်ထဲကလည်း ဝန်ကြီးချုပ် တစ်ယောက်ကို ဘယ်လောက်ပဲ ဖွဲ့စည်းပုံက ဆိုပါစေ၊ အများစု အနိုင်ရတဲ့ပါတီကို ခန့်ထားမပေးခဲ့ဘူး။ ကိုယ်လိုချင်တဲ့ပုံဖော်လို့ရနိုင်မယ့် လူတစ်ယောက်ကိုပဲ ရွေးချယ်ပြီးတော့ အုပ်ချုပ်ခိုင်းတယ်။ အဲဒါကြောင့် ဒီနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးဟန်ချက်ဟာ ဟာမိုနီမဖြစ်ခဲ့ဘူး။ ဝရုန်းသုန်းကား ဖြစ်ခဲ့တယ်။ ဝမ်းနည်းစရာအဖြစ်အပျက်တွေ အများကြီးကြုံတွေ့ခဲ့ရတယ်။ သွေးရောင်လွမ်းသော နိုင်ငံရေးပဲ ဖြစ်သွားခဲ့ရတယ်။ ကျနော်တို့ မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနိုင်ငံဟာ သွေးရောင်လွမ်းတဲ့ ဒီမိုကရေစီပဲဖြစ်နေတယ်။ အခုလာမယ့် လွှတ်တော်အခင်းအကျင်းက ဘယ်လိုဖြစ်မလဲ၊ ပိုဆိုးသွားမယ့် အနေအထားပဲရှိတယ်။”
(ပြီး)