ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘုရားဖူးဧည့်သည်များအနေဖြင့် သမိုင်းဝင်တောင်ညိုဘုရားရင်ပြင်တွင် အမှိုက်များအား စနစ်တကျစွန့်ပစ်ရန် ဒေသခံများတိုက်တွန်းနိုးဆော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈ / ၂ဝ၂ဝ

ပေါက်တောမြို့နယ် တောင်ညိုဂူဘုရားသို့ လာရောက်ကြသော ဘုရားဖူးဧည့်သည်များအနေဖြင့် အမှိုက်များအား စနစ်တကျစွန့်ပစ်ရန် ဒေသခံများနှင့် စေတနာဝန်ထမ်း အမှိုက်ကောက် လူမှုအဖွဲ့အစည်းများက တိုက်တွန်းနိုးဆော်ထားကြောင်း သိရှိရသည်။

ပေါက်တောမြို့စေတနာရှင်လူငယ်များအဖွဲ့မှ ရဟန်းတော် တစ်ပါးဖြစ်သည့် ကိုယ်တော်တေဇဝံသက “ အခုပွင့်လင်းရာသီဆိုတော့ ခရီးသွားကာလဖြစ်တယ်။ အနယ်နယ်အရပ်ရပ်က လူတွေက ဘုရားဖူး လာကြတယ်။ ဆိုတော့ သမိုင်းဝင်ဘုရား အနီးအနားပတ်ဝန်းကျင်မှာ အမှိုက်တွေ များပြားနေရင် ပတ်ဝန်းကျင်လည်းထိခိုက်မှုရှိတယ်။ ကိုယ်တော်တို့ အဖွဲ့ကနေပြီးတော့ အမှိုက်သွားကောက်တယ်ဆိုတာက ကိုယ်တော်တို့ အခုလို့ အမှိုက်ကောက်လိုက်လို့ရှိရင် နောက်လူတွေကလည်း အမှိုက်တွေကို စည်းကမ်းမဲ့စွာ စွန့်ပစ်တော့မှာ မဟုတ်တောဘူး။ အဲလိုမျိုး စနစ်တကျ ဖြစ်စေချင်လို့ ကိုယ်တော်တို့ သွားကောက်ရတာ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

တောင်ညိုဘုရားရင်ပြင်တွင် စျေးရောင်းချနေသော စျေးသည်များမှာလည်း အမှိုက်များကို စည်းကမ်းမဲ့စွာ စွန့်ပစ်မှုများရှိနေသည်ကို ဘုရားဂေါပကများအနေဖြင့် စီမန့်ခန့်ခွဲပြီး စနစ်တကျစွန့်ပစ်ရန် ကြီးကြပ် ပေးစေချင်ကြောင်း ကိုယ်တော်တေဇဝံသက ဆက်လက်မိန့်ကြားသည်။

အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်အတွက် တစ်ဦးကအစ အကုန်လုံး စည်းကမ်းရှိဖို့ လိုအပ်ကြောင်း ပေါက်တောမြို့ စေတနာရှင်လူငယ်များအဖွဲ့မှ မသန္တာယဉ်ကပြောသည်။

“  ကိုယ့်မြို့နယ်မှာ သန့်သန့်ရှင်းရှင်းဖြစ်စေချင်လို့ လုပ်ကြတာပါ။ ပြီးတော့ လူငယ်တွေကိုလည်း စည်းရုံးစေချင်တဲ့ ဆန္ဒတွေပါတယ်။ ကျမတို့ကတော့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး ဘုရားရင်ပြင်မှာ မလုပ်သင့်တာတွေကို မလုပ်ဖို့ အသိပေးခဲ့တာတွေရှိတယ်။ နောက်ဆိုရင်တော့ တဖြည်းဖြည်း ဖြစ်လာဖို့လိုတော့ ထင်မိပါတယ်”ဟု ပြောသည်။

တောင်ညိုဘုရားရင်ပြင် သန့်ရှင်းလှပရေးအတွက် အမှိုက်ပုံးများနှင့် အိမ်သာများ လိုအပ်နေကြောင်း တောင်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းကပြောသည်။

“ အမှိုက်ပုံးတွေကတော့ လုံလောက်မှုမရှိသေးဘူး။ အခုလောလောဆယ်မှာ အမှိုက်ပုံးတွေတော့ ထပ်မံ လိုအပ်နေသေးတယ်။ နောက်တစ်ခုက အိမ်သာတွေလည်း လိုအပ်နေပါတယ်။ အလှူရှင်တွေကိုလည်း အိမ်သာတွေ လှူပေးဖို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်တွေက ကိစ္စမရှိဘူး။ လူကြီးတွေ ဘုရားဖူးလာလို့ရှိရင်တော့ အိမ်သာတွေ ရှိနေတာက ပိုပြီးတော့ သင့်တော်ပါတယ်” ဟုပြောသည်။

မြောက်ဦးခေတ် ဘုရင်မင်းဗာကြီးတည်ခဲ့သော ဂူဘုရား ၉ လုံးတွင် တောင်ညိုဂူဘုရားလည်း ပါဝင်ပြီး ပေါက်တောမြို့နယ်၊ တောင်ရင်းကျွန်း ပေါ်တွင် တည်ရှိသည်။

ပေါက်တောမြို့နယ် တောင်ညိုဂူ၊ နတ်တောင်ပြင်ဂူ၊ ကြိမ်ခွေမော်ဘုရားဂူ ၃ ခုအနက် တောင်ညိုဂူဘုရားမှာ အကြီးဆုံးဖြစ်ပြီး ဂူပေါက်ပေါင်း (၄၂) ပေါက်နှင့် ကျောက်ဆင်းတုဘုရားပေါင်း (၅၈) ဆူရှိကြောင်း၊ ဘုရားဖူး ဧည့်သည်အများဆုံးရောက်သော ဂူဘုရားဖြစ်ကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်ကို တပို့တွဲလတွင်း ကျင်းပခဲ့သော်လည်း ရခိုင်ပြည်နယ်၏ တချို့သော နေရာများတွင် ဒေသတည်ငြိမ်မှု မရှိသဖြင့် ဘုရားပွဲတော် မကျင်းနိုင်သည်မှာ ၂ နှစ်ရှိပြီးဖြစ်ဟု သိရသည်။

ဆက်စပ် သတင်းများ