သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုးလကျော်ကြာအဆက်အသွယ်မရ ပျောက်ဆုံးနေသည့်တင်းမရွာသား ၁၈ဦးကိစ္စကို မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှ စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ၉ လကျော်ကြာ မိသားစုနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေသည့် ကျေးရွာသား ၁၈ ဦး၏ အမှုကိစ္စအား  မြောက်ဦးခရိုင် ရဲစခန်းမှ စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ စစ်ဆေးမည် ဖြစ်ကြောင်းကို  မြောက်ဦးခရိုင်ရဲမှူးက နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ သူတို့က စာတင်ထားတာတွေရှိတော့ ဒီဖြစ်စဉ်ဟာ၊ ဟုတ်မှန်သလား။ မဟုတ်မှန်ဘူးလားဆိုတာကို စစ်ဆေးဖို့ ကျနော်တို့ကို တာဝန်ပေးထားတဲ့အတွက် ကျနော်တို့ကတော့ စစ်ရမှာပေါ့။ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြား တာတော့မဟုတ်ပါဘူး။ ကျနော်တို့အထက်ကနေပြီးတော့ တိုင်ကြားစာပါ အချက်အလက်တွေဟာ ဟုတ်မှန်ခြင်း ရှိ/ မရှိဆိုတာကို ကျနော်တို့ကို စစ်ဆေးခိုင်းတာပါ” ဟု မြောက်ဦးခရိုင်ရဲမှူးက ပြောသည်။

အဆိုပါ စစ်ဆေးမှုအား ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲစခန်းသို့ ခေါ်ဆိုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များအနေဖြင့် မြောက်ဦးခရိုင်ရဲစခန်းသို့ သွားရောက်ပြီး စစ်ဆေးခံသွားမည် ဖြစ်ကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပြောဆိုသည်။
တင်းမကြီးကျေးရွာမှ ပျောက်ဆုံးနေသူ ကိုနေလင်းဦး၏ မိခင်ဖြစ်သူ ဒေါ်ဦးသန်းရီက “ ခရိုင်ရဲမှုူးက ကျမတို့ကို ခေါ်ပါတယ်။ ကျမတို့ကတော့ မနက်ဖြန်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကျမတို့ တင်လိုက်တဲ့ စာတွေက ခရိုင်ကို ရောက်သွားတယ်။ အဲဒါကြောင့် စစ်ဆေးဖို့ ခေါ်တယ်လို့ပြောတယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသော တင်းမရွာသားများအတွက် တရားမျှတမှုလိုချင်ကြောင်းနှင့် တရားဥပဒေအတိုင်း စုံစမ်းဖော်ထုတ်မည့် အရေးကို လိုလားကြောင်း တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်ကြားသည်။

 “ကျောက်တော်စခန်းက တာဝန်ရှိသူ တစ်ဦးကနေပြီးတော့ ကိုယ်တော်ဆီကို ဖုန်းဆက်လာတယ်။ တပည့်တော်တို့ကို သမ္မတကနေပြီးတော့ စုံစမ်းဖော်ထုတ်ဖို့အတွက် တာဝန်ပေးလိုက်တယ်လို့ ပြောတယ်။ အဲအဖွဲ့မှာ မြောက်ဦးခရိုင်ရဲမှူးက ဥက္ကဋ္ဌပါ ဆိုပြီးတော့လည်း ပြောတယ်။ အဓိက သူတို့ပြောတာကတော့ ကိုယ်တော်တို့ကို အသိပေးတယ်သဘောပါ။ ဦးဇင်းတို့က တရားမျှတမှုနဲက အမှန်တရားအတိုင်း ဖြစ်စေချင်တယ်” ဟု ဆရာတော်က ပြောသည်။

ပျောက်ဆုံးနေသူ တင်းမကျေးရွာမှ မိသားစုဝင်များအနေဖြင့် မြောက်ဦးခရိုင်ရဲစခန်းထိ သွားရောက် စစ်ဆေး ခံရမည်ဆို၍  စိုးရိမ်ကြောင့်ကြမှုများရှိနေကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ ရွာသားတွေကတော့ မြောက်ဦးခရိုင်ရဲက ခေါ်တဲ့ ကိစ္စကြောင့် ကျနော်ဆီကိုရောက်လာကြတယ်။ တချို့ကလည်း စိုးရိမ်စိတ်တွေဖြစ်ပြီးတော့ မသွားချင်ကြဘူး။ တချို့ကလည်း သွားမယ်။ အဲဒါတွေကို ကျနော်ဆီကို လာပြီးတော့ ဆွေးနွေးလာကြတယ်။ ကျနော်ဆီကိုတော့ ခရိုင်ရဲတပ်ဖွဲ့က အကြောင်း ကြားလာတာမရှိဘူး။ ကျနော် မနေ့ညက ခရိုင်ရဲမှူးကို ဆက်သွယ်ကြည့်တော့  ဒီဖြစ်စဉ်ကို  စစ်ဆေးဖို့ ညွှန်ကြားချက်ရှိနေတယ်လို့ ပြောတယ်” ဟု ပြောသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့မ ရဲစခန်းမှ စခန်းမှူးအား ဆက်သွယ်မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း  ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

ယခုနှစ် မတ်လ ၁၃ ရက်နေ့က တင်းမသစ်ကျေးရွာတွင် ရွာသား(၈)ဦး၊ မတ် ၁၆ ရက်နေ့က တင်းမကြီးရွာမှ ရွာသား (၁ဝ)ဦးတို့ကို စစ်သားများက သူတို့ နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ အချိန်ထိ ပျောက်ဆုံးကြောင်း မိသားစုများက ပြေကြားသည်။

၎င်းပြင် တင်းမရွာဘုန်းကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်နေခဲ့သူ ရွာသား (၃) ဦးလည်း ပျောက်ဆုံး နေသဖြင့်  စုစုပေါင်း (၂၁) ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

ပျောက်ဆုံးနေသူများနှင့် ပတ်သက်ပြီး ယနေ့ချိန်အထိ သတင်းအစအန တစ်စုံတစ်ရာ မရသဖြင့် မိသားစုဝင် များက ပြီးခဲ့သော ဒီဇင်ဘာလ ၈ ရက်နေ့က ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားခဲ့မှုများ ရှိခဲ့ကြောင်း သိရှိရသည်။

အမှုဖွင့်တိုင်ကြားရာတွင် ပါဝင်ခဲ့သူ ကျောက်တော်မြို့မှ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်းက “ ကျနော့် အမြင် ကတော့ စစ်ဆေးခံဖို့ မသွားသင့်လို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီးမှ လုပ်သင့်တယ်လို့ မြင်တယ်။ ရှေ့နေတွေ မရှိတဲ့အချိန်မှာ မလိုအပ်တာတွေနဲ့ လိမ်ညာမှုတွေ ထပ်ဖြစ်မှာကို ကျနော်တို့က စိုးရိမ်တယ်။ သံသယရှိတယ်။ နောက်တစ်ခုက အမှုဖွင့်ဖို့ တိုင်ကြားတာကို အမှုမဖွင့်ဘဲ စစ်ဆေးမယ် ဆိုတာတွေကတော့ ယုတ္တိမရှိဘူး” ဟုပြောသည်။

တပ်က ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးမှာ  ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသူ သူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

ဆက်စပ် သတင်းများ