အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၄/ ၂၀၂၀
ယနေ့ ကျရောက်သည့် (၇၃) နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့တွင် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒေါက်တာအေးမောင်၊ ရခိုင်စာရေးဆရာဝေဟင်အောင်နှင့် ရခိုင်နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်လာရန် မိသားစုများ၏ မျှော်လင့်ချက် မြင့်မားနေဆဲ ဖြစ်ကြောင်း သိ၇သည်။
ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူ ဒေါ်မြမြသက်က အစိုးရအနေဖြင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည် ညိုပျက်စေမှုတို့ဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေး အကျဉ်းသား များအား ပြန်လွှတ်ပေးရန် သူမိ မိသားစုဝင်များက မျှော်လင့်နေကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“အခုက နိုင်ငံရေးအပြောင်းအလဲလည်း ရှိလာတော့လေ။ ငြိမ်းချမ်းရေးကိုလည်း ဦးတည်နေတယ်ပေါ့နော်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့လည်း ဆွေးနွေးတာတွေက အဆင်ပြေတယ်လို့တော့ ကြားတယ်။ ဟိုဘက်က NLDအမတ်တွေကို လွှတ်ပေးသလိုပေါ့နော်။ ဒီကလည်း လွှတ်တော်အမတ်ပဲ။ လွှတ်တော် အမတ်ကို မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးထားတာဆိုတော့ သူတို့အနေနဲ့ အစိုးရအနေနဲ့ပေါ့လေ။ ပြည်ထောင်စု စိတ်ဓာတ်ကို လိုလားတယ်ဆိုရင်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို လိုလားတယ်ဆိုရင်တော့ ၊ ပြီးတော့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင်တော့ ဒေါက်တာအေးမောင်ကို လွှတ်ပေးသင့်တယ်။ လွှတ်ပေး ပါလို့လည်း မိသားစု၊ ဇနီးတစ်ယောက်အနေနဲ့တောင်းဆိုပါတယ်” ဟုပြောသည်။
ဒေသခံများကလိုလားနေသည့် ဒေါက်တာအေးမောင် လွတ်မြောက်ရေး အကောင်အထည်ပေါ်လာပါက ယခုထက် ကောင်းမွန်သည့် နိုင်ငံရေးအခြေအနေ ဖြစ်လာနိုင်ကြောင်း ၇သေ့တောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
“လွတ်လာဖို့မျှော်လင့်နေတယ်။ မျှော်လည်း မျှော်လင့်သင့်တယ်။ ဒါဟာရခိုင်တွေလို့လည်း မဟုတ်ပါဘူး။ တိုင်းပြည်ငြိမ်းချမ်းရေးကိုလိုလားတဲ့ မြန်မာတစ်နိုင်ငံလုံးကလည်း ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ မျှော်လင့်ကြတယ်။ ဒေါက်တာအေးမောင်ထောင်ကျသွားတာလည်း နိုင်ငံရေးကိစ္စက မြန်မာတစ်နိုင်ငံလုံးနဲ့ပတ်သက်ပါတယ်။ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တာပဲ။ အဲဒီကိစ္စတွေကို ဖိနှိပ်ချင်လို့ ထောင်ချလိုက်တဲ့သဘောပဲ။ မြန်မာတစ်နို်င်ငံလုံးပါးရှိသမျှ ပါတီတွေကလည်း ပါတီတစ်ခုနှစ်ခုကလွဲလို့လေ သူလွတ်မြောက်ရေးကို ကြိုဆိုတယ် ၊ မျှော်လင့်တယ်။ အဲလိုအခြေအနေမျိုးရှိပါတယ်” ဟုပြောသည်။
ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံရေးသုံးသပ်လေ့လာသူ ဦးမောင်မောင်စိုးကလည်း ဒေါက်တာအေးမောင် အပါအဝင် နို်င်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးမှာ ရခိုင်လူထု၏ ဆန္ဒဖြစ်သဖြင့် NLD အစိုးရ၏ သဘောထားကို စောင့်ကြည့်၇မည်ဖြစ်ကြောင်းပြောသည်။
“ ရခိုင်က ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်စေချင်တာကတော့ ရခိုင်လူထုရဲ့ဆန္ဒလို့ထင်တယ်။ အပြန်အလှန်လိုက်လျော့မှုတွေကတော့ တဖြည်းဖြည်းတော့ ပြုလုပ်ကြရမယ် ထင်ပါတယ်။ ဒါပေမယ့် လက်ငင်းချက်ချင်းကြီတော့ ဖြစ်ဖို့တော့ နည်းနည်းခဲယဉ်းတယ်ထင်တယ်။ NLD အစိုးရက ဘယ်လိုသဘောထားရှိမလဲစောင့်ကြည့်၇မယ်” ဟုပြောသည်။
ဒေါက်တာအေးမောင်နှင့် အတူ စာရေးဆရာဝေဟင်အောင်တို့ကို ပြီးခဲ့သည့် ၂၀၁၈ ခုနစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံခြင်း ၂၃၃ ကြိမ်မြောက်အထိန်းအမှတ်ဟောပြောပွဲတွင် ၄င်းတို့နှစ်ဦး၏ဟောပြောချက်သည် ဥပဒေနှင့် ငြိစွန်းသည် ဟုဆိုကာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့၇သည်။
ယင်းနောက် ၂၀၁၉ ခုနစ် မတ်လ ၁၉ ရက်နေ့တွင် ၄င်းတို့နှစ်ဦးအား နိုင်ငံတော်ပုန်ကန်မှုပုဒ်မ- ၁၂၂ ၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)တို့ဖြင့် စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့သည်။
လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးမှာ ရန်ကုန်မြို့အင်းစိန်ထောင်တွင် ထောင်ဒဏ်ကျခံနေရကြောင်းသိ၇သည်။
၄င်းတို့ နှစ်ဦးလွတ်မြောက်ရေးတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က လူထုထံမှ အွန်လိုင်းမှတဆင့် ကောက်ခံရရှိသည့် လက်မှတ် ၁၃၅ ခုကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ထံ ပေးပို့ခဲ့သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၂၀ ခုနစ်အောက်တိုဘာလအထိ နိုင်ငံရေးအကျဉ်သား ၃၄ ဦးနှင့်၊ ထောင်တွင်း အမှုရင်ဆိုင်နေ၇သူ ၁၅၀ ကျော်နှင့် ထောင်ပြင်ပမှ အမှုရင်ဆိုင်နေရသူဦးရေ ၃၀၀ ကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေအသင်း၏ စာရင်းအရသိ၇သည်။