သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ရှောင်များနေရပ်ပြန်နိုင်ရေး အစိုးရကအကူအညီပေးသင့်ကြောင်း တိုက်တွန်းအဆို ပြည်နယ် လွှတ်တော်တွင်ဆက်လက်ဆွေးနွေးရန်သဘောတူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.9k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၂ / ၂ဝ၂၁

ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များနေရပ်ပြန်နိုင်ရေး အစိုးရက အကူအညီပေးသင့်ကြောင်း တိုက်တွန်းသည့်အဆို ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယ) နေ့တွင် တင်သွင်းခဲ့သည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ နေရပ် မပြန်နိုင် သေးတဲ့ စစ်ဘေးရှောင်တွေဟာလည်း မိမိဒေသ မိမိရပ်ရွာတွေကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက်     အစိုးရနဲ့ ဌာနဆိုင်ရာတွေမှာ တာဝန် ရှိပါတယ်။ လာမယ့်မိုးရာသီ မကျမီ ပြန်နိုင်မှသာ မိမိတို့ရဲ့ လယ်ယာမြေတွေပို အသင့်အနေထား ထွန်ယက်စိုက်ပျိုးနိုင်မယ့်အတွက် အခုအချိန်ကစပြီး နေရပ်ပြန်နိုင်ရေးကို စီစဉ်သင့်ပါတယ် ” ဟု ပြောသည်။

တိုက်ပွဲကြားတွင် မီးရှို့ခံခဲ့ရသည့် ရပ်ရွာများမှ နေအိမ်များကို အစိုးရက ပြန်လည်ဆောက်လုပ်ပေးမှာ သာလျှင် ဘဝ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ စစ်ပွဲမျေားကြောင့် ကျန်နေခဲ့သည့် မြေမြုပ်မိုင်းများကြောင့် ဒေသခံပြည်သူများ သေဆုံး ဒဏ်ရာရသူများ တစ်နေ့တစ်ခြားတိုးလားနေသည့်အတွက် မြေမြုပ်မိုင်းနှင့် တိုက်ပွဲကျန် စစ်လက်နက် ပစ္စည်းတွေကို တာဝန်ရှိသည့် အစိုးရအဖွဲ့အနေဖြင့် အထူးဂရုစိုက် ဖယ်ရှားဖို့ ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးဦးသန်းနိုင်တင်သွင်းခဲ့သည့် အဆိုနှင့်ပတ်သက်၍ မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ထောက်ခံ ဆွေးနွေးခဲ့ပြီး ၎င်းအဆိုအား ကန့်ကွက်သူမရှိသည့်အတွက် ပြည်နယ် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

လက်ရှိရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ နှစ်လတာကြာမြင့်နေပြီး အစိုးရ၏ အကူအညီမပါဘဲ နေရပ်ပြန်နေကြသည့် စစ်ဘေးဒုက္ခသည် အများအပြားရှိနေသည်ဟု သိရသည်။

သို့သော်လည်း လုံခြုံရေးနှင့် စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်မပြန်နိုင်သည့်  စစ်ဘေးဒုက္ခသည် တစ်သိန်းကိုးသောင်းကျော်ခန့် ရှိနေသေးသည်ဟုလည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းအရ သိရသည်။

လက်ရှိ နေရပ်ပြန်သွားကြသည့် စစ်ဘေးဒုက္ခသည်များမှာ မိမိရပ်ရွာ ဒေသ၌ နောက်ကျော လုံခြုံ ဘေးကင်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ခြင်း မရှိသေူ၍ ခဏတာမျှသွားရောက် ကြခြင်းသာဖြစ်ကြောင်း စစ်ဘေးဒုက္ခသည် စခန်းတာဝန်ခံများက ပြောသည်။



ဆက်စပ် သတင်းများ