ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အိမ်ပြန်ကြရာမှ ရခိုင်တွင်တစ်လအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းနီးပါးလျော့ကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/ ၂ဝ၂၁

စစ်ဘေးရှောင်တချို့ အိမ်ပြန်သွားကြသဖြင့် ရခိုင်ပြည်နယ်တွင် တစ်လအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းနီးပါးအထိ လျော့ကျသွားခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည့် REC ၏ စာရင်းတွင် စုစုပေါင်း စစ်ဘေးရှောင် ဦးရေမှာ ၁၉၄ဝ၉၄ ဦးရှိပြီး ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည့် REC ၏ စာရင်းတွင် စုစုပေါင်း စစ်ဘေးရှောင်ဦးရေမှာ ၁၈၅၆၃၁ ဦးရေရှိကြောင်း ဖော်ပြထားသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ဥက္ကဋ္ဌ ဦးရွှေဖော်စိန်က “စစ်ဘေးရှောင် တစ်သောင်းလောက် လျော့ကျသွားတာက အခုရက်ပိုင်းမှာ လက်နက်ကိုင်တိုက်ပွဲက လျော့ကျသွားတယ်။ စစ်ဘေးရှောင်တွေကလည်း နေရထိုင်ရကလည်း ကျပ်တည်းတာတွေ၊ တချို့အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက ပြန်လို့ရတဲ့အနေအထားတွေ ရှိကြပါတယ်။ အဲဒါကြောင့် ခဏတစ်ဖြုတ်သော်လည်းကောင်း ပြန်ကြတယ်။ အခြေနေမကောင်းရင်ပြန်လာမယ်ဆိုပြီး ပြန်ကြတာတွေ ရှိပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

REC စာရင်းအရ စစ်ဘေးရှောင်ဦးရေ စုစုပေါင်းမှာ ၁၈၅၆၃၁ ဦးရအထဲတွင် ၇၅၉၂၅ ဦးမှာ စစ်ဘေးရှောင် စခန်းများတွင် အသီးသီးနေထိုင်လျက်ရှိကြပြီး ကျန် ၁ဝ၉၇ဝ၆ ဦးမှာ စခန်းပြင်ပရှိ ၄င်းတို့၏ နီးစပ်ရာ ဆွေမျိုးများနေအိမ်တို့တွင် နေထိုင်လျက်ရှိကြကြောင်း ဦးရွှေဖော်စိန်က ဆက်ပြောသည်။

“ အခု လက်ရှိ စခန်းပြင်ပမှာနေတဲ့သူ ၁ဝ၉၇ဝ၆ ဦးမှာ ဆိုတာက ပထမ စရောက်တုန်းက စခန်းထဲမှာ နေခဲ့ကြတဲ့ စစ်ရှောင်တွေပေါ့နော်။ စခန်းထဲမှာနေတာ အကျပ်အတည်း ရှိတာတွေ၊ စားရေးသောက်ရေး အဆင်မပြေ တာတွေကြောင့် သူတို့ရဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီကို သွားနေကြတာတွေလည်း ရှိတယ်။ အိမ်ငှားပြီး ယာယီနေထိုင်နေကြတာလည်းရှိတယ်။ သူတို့ကို စစ်ဘေးရှောင်မှန်ပေမယ့် စခန်း ပြင်ပ နေသူတွေလို့ သတ်မှတ်ပါတယ်။”

နေရပ်သို့ပြန်သူများအနေဖြင့်  စားဝတ်နေရေးနှင့် သူတို့၏ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များကို အစိုးရမှ တာဝန် ယူပေးသင့်သည့်အပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ကူညီ ပံ့ပိုးမှု အခန်းကဏ္ဍကိုလည်း အစိုးရအနေဖြင့် တရားဝင်ခွင့်ပြုသင့်ကြောင်း ဦးရွှေဖော်စိန်က ပြောသည်။

“ အစိုးရက အရင်တုန်းက ပြောထားတာရှိတယ်။ နှစ်ဘက်တိုက်ပွဲတွေမရှိတော့ဘူး။ နေရပ်ကိုပြန်လို့ရပြီပေါ့။ ဆိုတော့ နေရပ်ကို ပြန်လို့ရတယ် ဆိုပေမယ့်  တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်။ သူတို့ရဲ့ စားဝတ်နေရေး အခန်းကဏ္ဍနဲ့ နောက်ပိုင်း ပြန်လည်ထူထောင်ရေး ကဏ္ဍတွေကို အစိုးရက တာဝန်ယူပေးသင့်တယ်။ သူတို့ ပြန်မှာက အစိုးရက ဘယ်လောက် တာဝန်ယူပေးမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ အခုအချိန်မှာ သူတို့ရဲ့ ရပ်တည်မှုနဲ့ ရပ်တည်ဖို့ဆိုတာကလည်း အင်မတန်မှ ခက်ခဲတဲ့အချိန်ပါ” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများ ရပ်စဲနေသည်မှာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးထားသည့် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိသေးသဖြင့်  တိုက်ပွဲများ ထပ်ဖြစ်လာမည်ကို ကျေးလက်နေ ပြည်သူများ အနေဖြင့် စိုးရိမ်လျှက် ရှိကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ