ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်မှ မြို့ ၂၃ မြို့နှင့် ကျေးရွာပေါင်း ၂၁၂၇ ရွာတွင် လျှပ်စစ်မီးဖြန့်ဖြူးနိုင်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 415

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/ ၂ဝ၂၁

ရခိုင်ပြည်နယ်တွင် မြို့ ၂၈ မြို့ရှိရာတွင် မြို့ ၂၃ မြို့နှင့် ကျေးရွာပေါင်း ၂၁၂၇ ရွာ၌ နိုင်ငံတော် ဓာတ်အားပေးစနစ်မှ ၂၄ နာရီ ဓာတ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြောဆိုသည်။

ထိုသို့ သုံးစွဲနိုင်ရန် ပြည်နယ်အသုံးစရိတ် ကျပ်သန်း ၉၆၁ဝ၃.၈၇ နှင့် ပြည်ထောင်စုအသုံးစရိတ် ကျပ်သန်း ၈၄၆.၅၃ သုံးစွဲခဲ့ဟု ဝန်ကြီးချုပ်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်နှင့် အခြားသောနည်းလမ်းများဖြင့် မီးသုံးစွဲသူအိမ်ထောင်စုမှာ ၂ဝ၁၉ နိုဝင်ဘာလမှာ ၅ဝ% ပြည့်မြောက်ခဲ့ပြီး ၂ဝ၂ဝ ဒီဇင်ဘာလအထိ ကျေးရွာပေါင်း ၂၁၂၇ ရွာလျှပ်စစ် တိုးတက် သုံးစွဲနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ် အတွင်းတွင် လျှပ်စစ်ဓာတ်အား လွှမ်းခြုံမူ အနေဖြင့် ကျေးရွာများ၏ ၅၆.၈၄% နှင့် အိမ်ထောင်စုများအနေနဲ့၆၃.၈၇% သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ဒေသတစ်ခုခေတ်မီဖွံ့ဖြိုးတိုးတက်ဖိုးနဲ့ ပြည်သူတွေရဲ့ လူနေမူဘဝအဆင့်အတန်းမြင့်မားလာစေဖို့ ဆောင်ရွက်ကြရာမှာ လျှပ်စစ်ကဏ္ဍဟာ အဓိကကျတယ်။ လျှပ်စစ်ကဏ္ဍာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ပညာရေး ၊ကျန်းမာရေး ၊စီးပွားရေးတို့မှာလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်လာမယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ လျှပ်စစ်ကဏ္ဍပြောင်းလဲမူများ အနေနဲ့ ယခင်အစိုးရလက်ထက်က သံတွဲမြို့နယ် ၊ငပလီမြို့၊ တောင်ကုတ်မြို့နယ်၊ အမ်းမြိုနယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ၊် မြောက်ဦးမြို့နယ် ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ် ရမ်းဗြဲမြို့နယ်စသည့်  မြို့နယ် ၉ မြို့နှင့်  မြို့၁ မြို့မှသာ နိုင်ငံတော် ဓာတ်အားပေးစနစ်မှ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခဲ့သည်ဟု ဆိိုသည်။

လက်ရှိ NLD  အစိုးရသစ်လက်ထက်တွင်  မအီမြို့၊ မင်းပြားမြို့နယ် ၊ဂွမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ် ၊တပ်တောင်မြို့၊ ကမ်းထောင်းကြီးမြို့၊ တန်းလွဲရွာမမြို့၊ ရသေ့တောင်မြို့နယ်၊ ဘူးသီတောင် မြို့နယ် ၊မောင်တောမြို့နယ် ၊ကျိန္တလီမြို့၊ စနဲမြို့စသည့်  မြို့၇ မြို့နယ်နှင့် မြို့ ၆ မြို့ကို ဓာတ်အား ရရှိရေး အတွက် ထပ်မံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဦးညီပုမှ ဆက်ပြောသည်။

ရခိုင်ပြည်နယ် ဘဏ္ဍာရေးအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး  ဦးကျော်အေးသိန်းက “လျှပ်စစ်ကဏ္ဍကို တင်ပြရရင် ပြည်ထောင်စုနဲ့ ပြည်နယ် ရန်ပုံငွေ နှစ်ခု စလုံးက နေပြီးတော့ လျှပ်စစ်ကဏ္ဍာကို ဖွံ့ဖြိုး တိုးတက်အောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့နိုင်ပါတယ်။ ရခိုင်ပြည်နယ်တွင် ၅ နှစ်တာကာလအတွင်း လျှပ်စစ်ကဏ္ဍ၌ ပြည်နယ်အသုံးစရိတ် ကျပ်သန်း ၉၆၁ဝ၃.၈၇ နှင့် ပြည်ထောင်စုအသုံးစရိတ် ကျပ်သန်း ၈၄၆.၅၃ သုံးစွဲခဲ့ပါတယ်”ဟု ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ