သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် 4G အင်တာနက်ဖွင့်ပေးရန် ရခိုင်လွှတ်တော်၌ အဆိုတင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 10k

ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇန်နဝါရီ ၁၄ / ၂ဝ၂၁

ယနေ့ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယ)နေ့တွင် ရခိုင်မှ မြို့နယ် ၇ မြို့နယ်တွင် အင်တာနက် 2G အဆင့်မှ ယခင်အသုံးပြုခဲ့သော မြန်နှုန်းမြင့်  4G အဆင့်သို့ တိုးမြှင့်ပေးရန် တိုက်တွန်းသည့်အဆိုကို ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်(ခ) ဦးမောင်မောင်က တင်သွင်းခဲ့သည်။

သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ တိကျမြန်ဆန်စွာရရှိစေရေး၊ ပြည်သူများအကြား လွတ်လပ်မှုနှင့် ပွင့်လင်း မြင်သာမူရှိစေရန် ရည်ရွယ်ပြီး 4G အင်တာနက် ရရှိရန် ရခိုင်ပြည်နယ် အစိုးရမှ တစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းပါကြောင်း အဆိုကို တင်သွင်းစဉ် ၎င်းက ပြောကြားသည်။

၎င်းအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင်ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအဆိုကိုတင်သွင်းသူ ဦးမောင်သန်းစိန်က “ အခု အင်တာနက် ပိတ်ထားတာဟာ တစ်နှစ်ကျော် ကြာနေပြီ။ အေအေနဲ့ တပ်မတော်တို့ အပစ်အခတ် ရပ်စဲထားတာဟာ နှစ်လကျော်ရှိနေပြီဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ရောင်နီသန်းလာပြီ။ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ အမုန်းတရားမထားဘဲ ရခိုင်ပြည်သူတွေ ဗဟုသုတ တိုးပွားစေဖို့ အင်တာနက် 4Gကို ပြန်လို့ အသုံးပြုခွင့်ပေးဖို့အတွက် အဆိုတင်သွင်း ရခြင်းဖြစ်ပါတယ်”  ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် အင်တာနက် 4G အသုံးပြုခွင့် မရရှိ၍ ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍနယ်ပယ်တို့မှာ အဘက်ဘက်မှ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ဦးမောင်သန်းစိန်က ဆိုသည်။

“ တချို့ နိုင်ငံတွေက ကျေးရွာတွေမှာဆိုရင် 5G သုံးနေကြတာတွေရှိတယ်။ အဲဒီမှာ အွန်လိုင်းကနေ စျေးရောင်း ကြတာတွေရှိတယ်။ အဲလိုအခြေနေမျိုးမှာ ကျွန်နော်တို့က 2G အဆင့်နဲ့ ဘယ်လိုမှ လုပ်လို့မရဘူး။ တချို့ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိတယ်။ သူတို့တွေဆိုရင် ကိုဗစစ်ကြောင့် လုပ်ငန်း ဆင်မပြေတဲ့အခါ Network ချိတ်ပြီးတော့ ကုန်ရောင်းကုန်ဝယ်တွေ လုပ်ကြတယ်။ ကျောင်းသားတွေလည်း စာသင်ကြတဲ့အခါ အွန်လိုင်းကပဲ သင်ကြတယ်။ အဲဒါကြောင့် ဒီ အင်တာနက်ဟာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုလို လူ့အသိုင်းဝိုင်းမှာ၊ အဲလိုမျိုးကွန်ရက်လုပ်ထားတဲ့ ဥစ္စာတစ်ခုကို ပိတ်လိုက်တယ်ဆိုတော့ ဒီမိုကရေစီ အစိုးရဆိုတဲ့ အစိုးရကောင်းတစ်ရပ်အနေနဲ့ မလုပ်သင့်တဲ့ကိစ္စတစ်ရပ်လို့ မြင်တယ်” ဟု ပြောသည်။

၄င်းအဆိုကို ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ကန့်ကွက်သူမရှိသည့်အတွက် ယင်းအဆိုကို ဆက်လက်ဆွေးနွေးရန် ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုတွင် အင်တာနက်အသုံးပြုခြင်းကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စတင်ပိတ်ထားခဲ့သော်လည်း မောင်တောမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် မေလ ၃ ရက်နေ့က မြန်နှုန်းမြင့် 4G အဆင့်ဖြင့် ပြန်လည်ဖွင့်ပေးခဲ့သည်။

အလားတူ ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့တွင် အင်တာနက်ပိတ်ထားသည့် မြို့နယ်များဖြစ်ကြသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့သော်လည်း 2G အဆင့်သာ ဖြစ်သဖြင့် အင်တာနက်အသုံးပြုရန် အဆင်မပြေဖြစ်နေကြရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ