Preview

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ယခင်ကြံ့ခိုင်ရေးအစိုး၇ထက် ကျပ်ဘီလီယံ ၄၇၀.၃၁၆ ပိုမိုသုံးစွဲနိုင်ခဲ့ကြောင်း ရခိုင်ဝန်ကြီးချုပ်ဆို၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးစာရွက်ပေါ်တွင်သာရှိဟု အမတ်တစ်ဦးဝေဖန်

ဇန်နဝါရီ ၁၅/ ၂၀၂၁ | ကြည့်ရှုသူ :1819
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/ ၂၀၂၁

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်တွင် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုး၇ (၅) နှစ်တာ ကာလထက် ကျပ်ဘီလီယံ ၄၇၀.၃၁၆ ပိုသုံးစွဲနိုင်ခဲ့ကြောင်း ၇ခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြောဆိုလိုက်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က ဒုတိယအကြိမ် ၇ခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြှောက် ပုံမှန် အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု မိန့်ခွန်းပြောရာတွင် ထိုသို့ ထည့်သွင်း ပြောကြားသွားခဲ့သည်။

ဝန်ကြီးချုပ်က “ ၂၀၁၁-၂၀၁၂ ခုနှစ်ကစပြီး ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်အထိ ယခင်အစိုး၇ ၅ နှစ်တာ ကာလအတွင်းမှာ အခွန်ကောက်ခံရငွေ၊ အခြားသာမာန်ရငွေ၊ အခွန်ဝေစုရငွေ၊ ပြည်ထောင်စုမှ ထောက်ပံ့ငွေ၊ ငွေလုံးငွေရင်းရငွေနှင့် ကြွေးမြီ၇ငွေ စုစုပေါင်း ငွေကျပ် ၅၃၅.၈၁၆ ဘီလီယံ ရရှိခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်ကစပြီး ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် NLD အစိုး၇သစ် ၅ နှစ်တာကာလအတွင်း စုစုပေါင်း ၇ငွေမှာ ၉၉၉.၀၅၉ ဘီလီယံ ရရှိခဲ့သဖြင့် ယခင်အစိုး၇ ၅ နှစ်တာကာလထက် စုစုပေါင်း၇ငွေ ၄၆၃.၂၄၃ ဘီလီယံ ပိုမိုရရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

၎င်းပြင် ဝန်ကြီးချုပ်က “ ဘဏ္ဍာငွေ သုံးစွဲမှုအနေဖြင့်  ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်အထိ ယခင်အစိုး၇ ၅ နှစ်တာကာလအတွင်း ဘဏ္ဍာငွေသုံးစွဲမှုကျပ် ၅၃၈.ရ၇၁ ဘီလီယံဖြစ်ပြီး လက်ရှိ NLD အစိုး၇ ၅ နှစ် တာကာလ အတွင်းမှာ ရငွေများ ပိုမိုရရှိခဲ့သည့် အတွက်ကြောင့် သုံးငွေကိုလည်း ပိုမိုမြှင့်တင် ပေးနိုင်ခဲ့ကြောင်း၊ ယခင် အစိုး၇ ၅ နှစ်တာကာလ ထက် ၄၇၀.၃၁၆ ဘီလီယံ ပိုမိုသုံးစွဲနိုင်ခဲ့ကြောင်း၊ စုစုပေါင်း အသုံးစရိတ် အနေဖြင့် ကျပ် (၁၀၀၉.၀၈၇) ဘီလီယံသုံးစွဲခဲ့ကြောင်း”  ပြောကြားသွားခဲ့သည်။

NLD အစိုး၇သက်တမ်း ၅ နှစ်တာအတွင်း စုစုပေါင်း ကျပ် (၁၀၀၉.၀၈ရ) ဘီလီယံသုံးစွဲခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ စိုက်ပျိုးရေးနှင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမို လုပ်ဆောင်ခဲ့ပြီး ပြည်နယ် အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်အောင် အခြေခံ အဆောက်အအုံတွေ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောဆိုသည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းရာ ၎င်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ စာရွက်ပေါ်တွင်သာ ရှိနေသေးသည်ဟု ဝေဖန် ပြောဆိုသည်။  

“ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှုကို အဘက်ဘက်မှာ တစ်ခုမှလည်း ဖွံ့ဖြိုးတိုးတက်တာ မတွေ့ရဘူး။ စစ်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ စစ်ဘေး၊ စစ်ဒဏ်ကြောင့် အခက်အခဲဖြစ်နေတယ်။ အဲဒါတွေမှာကူညီပံ့ပိုးပေးတာလည်း ဘာတစ်ခုမှ မတွေ့ဘူး။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့က အများကြီးလိုသေးတယ်။ စာရွက်ပေါ်မှာပဲရှိမယ်။ ကျွန်တော်တို့ ပကတိအခြေအနေက ပြည်သူတွေရဲ့ ကျောကုန်းပေါ်မှာပဲရှိတယ်” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်ရန်ပုံငွေအတွက် တစ်နှစ်လျှင် ပြည်ထောင်စုလွှတ်တော်မှ ဘီလီယံ ၁၅၀ ခန့်ချပေးခဲ့သော်လည်း ငါးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမည်သည့်နေရာတွင်မှ မတွေ့ခဲ့၇ကြောင်း သူက ဆက်လက် ဝေဖန်ထောက်ပြပြောဆိုသည်။

မောင်တောမြို့နယ် ၃ မိုင်ရွာမှ ကျန်းမာရေးဝန်ထမ်းအငြိမ်းစားဖြစ်သူ ဒေါ်ခင်စောဦးကလည်း ၄င်းတို့ မောင်တောဒေသ၌ အစိုး၇မှ ၅ နှစ်တာကာလအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အတွက် လုပ်ဆောင်ပေးမှု အားနည်းခဲ့ကြောင်း ထောက်ပြပြောဆိုသည်။

“ ဝန်ကြီးချုပ်ဦးညီပုက ဘီလီယံတစ်ထောင်ကျော် သုံးစွဲတာကို ဘာတွေသုံးလဲ အဒေါ်တို့ အတိအကျလည်း မသိဘူး။ အဒေါ်တို့ဘက်မှာတော့ အရင်ကထက်စာရင် လမ်းနဲ့ စာသင်ကျောင်း နည်းနည်းလုပ်ပေးတယ်။ မောင်တော၊ အငူမော်လမ်းပေါ့။ အများကြီးမဟုတ်ဘူး။ အစိုးရတစ်ရပ်ပေါ်လာရင်တော့ သုံးတယ်။ စွဲတယ်။ စားသွားကြတာပဲ။ ကျန်တာ ပြည်နယ်အတွက် သိပ်လုပ်ပေးတာတော့ မတွေ့၇ဘူး။ ကိုယ့်မျက်မြင်ကိုယ်တွေ့ကို ပြောတာပါ” ဟုပြောသည်။

ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်ကလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ပညာရေးအရ ဖွံ့ဖြိုးတိုးတက်မှု၊ လမ်းပန်းဆက်သွယ်ရေးအရ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ရခိုင်ပြည်တွင်း စီးပွားရေး တည်ဆောက်မှုအပိုင်းများတွင် နောက်ကျကျန်နေခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။

“ အထူးသဖြင့် ရခိုင်ပြည်ရဲ့စီးပွားတည်ဆောက်မှုအပိုင်းတွေ၊ ပညာရေးကဏ္ဍပိုင်းတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အများကြီးနောက်ကျသွားတာတွေ့၇တယ်။ လုံး၀တိုးတက်လာတာ မတွေ့ရဘူး။ ပြည်တွင်း ထုတ်ကုန် လုပ်ငန်းတွေ၊ အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေ၊ အစိုးရရဲ့ ပံ့ပိုးကူညီမှုတစ်ခုမှ မရှိခဲ့ဘူး။ အဲဒီဘီလီယံတစ်ထောင်ဟာ ဒီငါးနှစ်အတွင်းမှာ ဘယ်လိုသုံးသွားလဲ ၊ ဘယ်နေရာတွေမှာ သုံးခဲ့လဲဆိုတာကို စနစ်တကျလူထုကို ချပြသင့်တယ်လို့ ကျွန်တော့် အနေနဲ့မြင်တယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်ရှိ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ရေနှင့် မိလ္လာ၊ အိမ်ယာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ညွှန်းကိန်းစာရင်းအ၇ တစ်နို်င်ငံလုံးတွင် အနိမ့်ဆုံးဖြစ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၊ မြန်မာနိုင်ငံရှိ ရှုထောင့်နယ်ပယ်စုံလူမှုဘ၀ ဖူလုံရေးမှတ်တမ်းအရ သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.