ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြားရာမောင်မြစ်ကူးဇက်ရေယာဉ်ပျက်ရာမှ ကုန်တင်ကားအများအပြားပိတ်မိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/ ၂ဝ၂၁

ရခိုင်ပြည်နယ်၏ အဓိက ကုန်သွယ်ရေး လမ်းမဖြစ်သည့် စစ်တွေ- ရန်ကုန် ကားလမ်းပေါ်ရှိ မင်းပြားမြို့ ရာမောင်မြစ်ကူးဇက်ရေယာဉ် စက်ပျက်နေ၍ ကုန်တင်ကားအစီး ၁ဝဝ ကျော် အသွားအလာလုပ်မရဘဲ တစ်ဖက် တစ်ချက် ပိတ်မိနေကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်ရှိ ရာမောင်တံတားအောက် လေးမြို့မြစ်၏ အရှေ့ဘက် ဖားပြိုကမ်းနှင့် အနောက်ဘက် စမ်းဘလေကမ်းတို့တွင် ကုန်တင်ကား စုစုပေါင်း ၁၂ဝ ခန့်မှာ တစ်ရက်ကြာ ပိတ်မိလျှက်ရှိကြောင်း ရန်ကုန်-စစ်တွေသို့ ကုန်ကားမောင်းသူ ကိုသားဖြိုးကျော်က ပြောသည်။

 “ကျွန်တော်မှာက ဘီယာကုန်ကားပေါ့။ တခြား ငါးတင်လာတဲ့ ကားတွေပါတယ်။ သူတို့မှာဆိုရင် အားလုံး ပုတ်ကုန်ပြီ။ ဘယ်လိုမှ အဆင်မပြေဘူး။ အခုလို ပိတ်မိနေတော့ ကျွန်တော်တို့မှာ အရမ်းအခက်ခဲ ရှိပါတယ်။ ဇက် ၂ စီးမှာ တစ်စီးက အရင်ကနေ ပျက်နေတာ။ ကျန်တဲ့တစ်စီးက မနေ့က မနက်ပိုင်းကနေ ပျက်နေတာ။ အဲဒါကြောင့် ကုန်တင်ကားတွေ ဟိုဘက်ဒီဘက်ကို မကူးရဘဲ အကုန်လုံး ပိတ်မိနေခဲ့တာပါ ” ဟု နိရဥ္စရာသို့ ပြောသည်။

ကုန်တင်ကားများမှာ ရန်ကုန်-စစ်တွေ ကူးသန်းနေသည့် ကားများဖြစ်ပြီး ဘီယာ၊ ငါး၊ ဆေးနှင့် တခြားစားသောက်ကုန်များ တင်ဆောင်လာသည့် ကုန်တင်ကားများဖြစ်ကြောင်း ဖားပြိုကျေးရွာမှ ဦးကျန်သာက ပြောသည်။

“ဇက်က နှစ်စီးဘဲ ရှိတာ။ အဲဒီနှစ်စီးထဲက တစ်စီးက ပျက်နေတာ တစ်ပတ်ကျော်လောက်ရှိပြီ။ ကျန်တစ်စီးက မနေ့က မနက်ပိုင်းက ပျက်သွားတော့ လာသမျှ သွားသမျှ ကုန်တင်ကားတွေ အဲဒီနားမှာ ပိတ်မိနေတာ။ မနေ့က ပိတ်မိနေတာ ကားအစီး ၆ဝ ကျော်လောက်ရှိတယ်။ အဲဒါကို ဒီနေ့ မနက်ပိုင်းက ပြန်လုပ်လို့ ကောင်းသွားတဲ့ ဇက်နဲ့ ပို့ပေးနေပါတယ်။ ဒီနေ့ကူးဖို့အတွက် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမှာ စောင့်နေကြတာ အစီး တစ်ရာကျော် ရှိပါတယ်။ အခုက ကားလမ်းတွေမဖွင့်သေးတော့ ခရီးသည်ကားတွေ သိပ်မပါဘူးပေါ့နော်။ အကုန်လုံးက ကုန်တင်ကားတွေချည်းပဲ” ဟု ဦးကျန်သာက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့က ပိတ်မိနေခဲ့သည့် ကုန်တင်ကား အစီး ၆ဝ ခန့်ကို ယနေ့ နံနက် ၇ နာရီခန့်မှစ၍ ပို့ဆောင်နေကြောင်း၊ ယနေ့ လာသည့် ကုန်တင်ကား အစီး ၁၂ဝ ခန့်မှာ ပိတ်မိနေသေးကြောင်း ရာမောင်တံတားအောက်တွင် ကုန်စုံဆိုင်ရောင်းနေသည့် ဦးမောင်ကျော်တင်က ပြောသည်။

“အခုတော့ ပိတ်မိနေတဲ့ ကားအစီးတစ်ရာကျော်ကို ပြန်ပို့ဖို့ လုပ်နေပါပြီ။ စမ်းဘလေကမ်းနဲ့ ဖားပြိုကမ်းဘက်မှာ ပိတ်မိနေကြတာ။ အသွား/အလာ ကုန်တင်ကားတွေပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

လက်ရှိ ရာမောင်တံတားကို အသစ်ပြန်လည်တည်ဆောက်နေသဖြင့် ကုန်တင်ကားများကို ဇက်ရေယာဉ်ဖြင့် ရာမောင်မြစ်ကို ဖြတ်ပြီး ဟိုဘက်ကမ်း၊သည်ဘက်ကမ်းပို့ဆောင်ရာ ဇက်ရေယာဉ်များ စက်ပျက်မှုနှင့် ကြုံတွေ့ရပါက ကုန်တင်ကားများ ယခုလို ပိတ်မိကြောင်း သိရှိရသည်။

(ဓာတ်ပုံ- ဖေ့စ်ဘုတ်)

ဆက်စပ် သတင်းများ