သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အချက်လေးချက်ပါ လက်ကမ်းစာစောင်များကို စစ်တွေတွင်ဖြန့်ဝေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 790

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅ / ၂ဝ၂၁
ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အချက်လေးချက်ပါ လက်ကမ်းစာစောင်များကို ယနေ့ စစ်တွေတွင် ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိသည်။

၎င်းလက်ကမ်းစာစောင်များကို စစ်တွေမြို့၊  မြို့မစျေးကြီးအပါအဝင် နေရာအများအပြားတွင် ယနေ့ နံနက်မှ စတင်ပြီးဖြန့်ဝေခဲ့ကြောင်း သိရသည်။  

Arakan in Darkness ဟု အမည်ပေထားသော လက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စစ်ဆန့် ကျင်ရေးလှုပ်ရှားမှုဖြင့် အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးထိမ်းသိမ်းခံထားရသော ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ရခိုင်တိုက်ပွဲ အတွင်းပျောက်ဆုံးသွားသော တင်းမကျေးရွာသားများနှင့် အခြားသောလူ့အခွင့်ရေးချိုးဖောက်ခံခဲ့ရသာ သူများအတွက် တရားမျှတမှုရရှိရေး၊ 4G-INTERNET ပိတ်ထားသော ရခိုင်ပြည်မှမြို့နယ်တစ်ချို့အား 4G-INTERNET ပြန်ဖွင့်ပေးရေးနှင့် ကိုဗစ် အကြောင်းပြ၍ ကျောင်းသားများအားတရားရုံးတင် စစ်ဆေးခြင်းမ ပြုလုပ်ဘဲ လပေါင်းများစွာ ကြာအောင် အကျဉ်းထောင်များ၌ ချုပ်နှောင်ထားခြင်းများအား ချက်ချင်း ရပ်တန့်ပေးရေးတို့ ဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုတိုးတိုးအောင်က “ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ တစ်နိုင်ငံလုံး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတယ်။ တင်းမရွာသားတွေ သူတို့အပေါ်မှာ တရားမျှတမှု ရရှိရေးကို ကျနော်တို့ တောင်းဆိုထားတာဖြစ်တယ်” ဟု ပြောသည်။

မတရားပုဒ်မများ တပ်ပြီး ဖမ်းဆီးထားသော သူများအတွက် သူတို့၏ အခွင့်ရေးကိုရဖို့ တောင်းဆိုတကြောင်း၊ အခုဖမ်းဆီးခံထားရသည့် ရခိုင်က ကျောင်းသားများကို ရုံးတင်စစ်ဆေးမှု မရှိသဖြင့် လနှင့်ချီပြီး ကြာနေပြီဖြစ်ကြောင်း၊  အဆက်သွယ် လုပ်ခွင့် မပေးသဖြင့် သူတို့၏ ကျန်းမာရေး အခြေနေတွေကို သိခွင့်မရ၍ စိုးရိမ်ကြောင်း ၎င်းက ပြောကြားသည်။

ဒီမိုကရေစီလမ်းစဉ်ဖြင့် လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံအစိုးရသည် ပြည်သူများအား ကာကွယ် မပေးနိုင်သည့် အပြင် ပြည်သူများ ခြိမ်းခြောက်ခံနေရကြောင်း ၄င်းက ပြောသည်။

 ̏ တင်းမရွာသားတွေလည်း ပျောက်ဆုံးနေတာအများကြီးကြာနေပြီ။  ဘာမှ ပေါ်မလာဘူး။ သူတို့ရဲ့ မိသားစုဝင်တွေ တရားဥပဒ နည်းလမ်းအရ တရားသွားစွဲတာတောင် ခြိမ်းခြောက်ခံရတယ်ဆိုပြီး ကျနော်တို့ သတင်းတွေမှာဖတ်ရတယ်။ ဒီမိုကရေစီ သွားနေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်သူကို ကာကွယ်မပေးနိုင်အပြင် ပြည်သူတွေ ခြိမ်းခြောက် ခံရတာရှိတယ် ̋ ဟုပြောသည်။

ရခိုင်ပြည်မှာ အင်တာနက်ပိတ်ထားပြီးနောက် အစိုးရအနေဖြင့် တစ်စုံတစ်ရာ လုပ်ပေးခြင်းမရှိသေးကြောင်း ၄င်းက ̏ ကျနာ်တို့ ရခိုင်မှာ အင်တာနက်ကို  ပိတ်ထားပြီးတဲ့နောက် ကိုဗစ်ကလည်း ဖြစ်လာတယ်။ သတင်း အရင်းအမြစ် စီးဆင်းမှုအားနည်းပြီး သတင်းတွေကိုလည်း အချိန်နဲ့ တပြေးညီ သိခွင့်မရဘူး။ ဒါအပြင် တိုက်ပွဲမဖြစ်တဲ့ မြို့နယ် တစ်ချို့မှာ ဆိုလို့ရှိရင် ဖုန်းလိုင်းတောင် မမိဘူး။ ဒါက စစ်ပွဲဖြစ်နေလို့ မဟုတ်ဘူး။ သက်သက်ကို ဖိနှိပ် ထားတာလို့ ကျနော်တို့က မြင်တယ်။ အင်တာနက် ပိတ်ထားတာလည်း နှစ် နှစ်နီးပါး ဖြစ်သွားပြီ။ အစိုးရအနေနဲ့ တစ်စုံတစ်ရာ ဘာမှလုပ်ပေးတာ မရှိသေးဘူး ̋ ဟုပြောသည်။

၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒပြခြင်းဖြင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၄ ဦးအား စစ်တွေ ထောင်တွင် ချုပ်နှောင်ခံထားရသည်။ ၄င်းတို့ အား ကိုဗစ်ကိုအကြောင်းပြု၍ ယခုထိ ရုံးတင်စစ်ဆေးခြင်းမပြုလုပ်သေးဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သိရှိရသည်။

ဆက်စပ် သတင်းများ