Preview

ရခိုင်ရှိ မြို့ပေါ်နှင့်တိုက်နယ်ဆေးရုံတချို့တွင် ဓာတ်မှန်စက်များမရှိ၍ ဆေးကုသရေးအခက်အခဲရှိဟုဆို

ဇန်နဝါရီ ၁၅/ ၂၀၂၁ | ကြည့်ရှုသူ :2947
ရခိုင် သတင်း

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅/ ၂၀၂၁

ရခိုင်ပြည်နယ်မှ မြို့ပေါ်ဆေးရုံကြီးတချို့အပါအဝင် တိုက်နယ်ဆေးရုံများတွင် ဓာတ်မှန်စက်မလုံလောက်သဖြင့် ဒေသခံလူနာများ ဆေးကုသရာတွင် အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

မြို့ပေါ်ဆေးရုံတချို့မှ ဓာတ်မှန်စက်များမှာ ပျက်နေပြီး တိုက်နယ်ဆေးရုံတချို့တွင် ဓာတ်မှန်စက်လုံး၀ မရှိသေးသဖြင့် ၄င်းဆေးရုံများအား အားကိုးနေရသည့် လူနာများမှာ မြို့ပေါ် ဆေးရုံကြီးများသို့ သွားရောက်စမ်းသပ်ကုသနေကြရကြောင်း ဒေသခံများက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ကမ်းထောင်းကြီးမြို့မှ ကိုကျော်လင်းဝင်းက “ ကျွန်တော်တို့မှာ ဓာတ်မှန်၊ အာထရာဆောင်းတွေမရှိတော့ အမ်းကိုသွားပြီး ရိုက်နေရတော့ နယ်ခံတွေအတွက် ဒုက္ခဖြစ်နေတာပေါ့။ ဒီမှာက အဆင်မပြေတဲ့ လူတွေများတယ်။  အမ်းကိုသွားဖို့ ပိုက်ဆံရှိတဲ့လူတွေက အဆင်ပြေပေမယ့် ပိုက်ဆံ မရှိတဲ့လူက အဆင်မပြေဘူး။ ကျွန်တော်တို့ဆီမှာ ဓာတ်မှန်နဲ့ အာထရောင်းဆောင်း ၇စေချင်တယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ၇ခိုင်ပြည်နယ် လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အစို၇မှ ၅ နှစ်တာကာလအတွင်း ဆေးရုံ၊ ဆေးပေးခန်းများအတွက် ကျပ် ၃၉၉၅၁.၉ရ၇ သန်းသုံးစွဲခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ကျေးလက်နေပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရာတွင် စက်ကရိယာ လုံလောက်မှု မရှိသည့်အတွက် မြို့ဆေးရုံများသို့ ငွေကုန်ကြေးကျခံကာ သွားရောက်ကုသကြရကြောင်း သိ၇သည်။
ကျောက်တော်မြို့နယ် အပေါက်၀ကျေးရွာမှ မအေးသန္တာကျော်က ၄င်းတို့ အပေါက်၀ တိုက်နယ်ဆေးရုံ တွင်လည်း ဓာတ်မှန်မရှိသေးသဖြင့် လူနာများမှာ ကျောက်တော်ဆေးရုံနှင့် စစ်တွေဆေးရုံများသို့ သွားရောက် ကုသနေကြ၇ကြောင်းပြောသည်။

“ ကျွန်မတို့ဆီမှာ ဓာတ်မှန်ဝန်ထမ်းတော့ရှိတယ်။ ဓာတ်မှန်စက်မရှိဘူး။ ကျောက်တော် ဒါမှမဟုတ် စစ်တွေကို သွားကုရတယ်။ ဒီတိုက်နယ်ဆေးရုံကိုက ပုဏ္ဏားကျွန်းနယ်ကလည်း လာပြကြတယ်။ ပိုက်ဆံရှိတဲ့လူတွေက စစ်တွေကိုသွားပြနိုင်ပေမယ့် ပိုက်ဆံမရှိတဲ့လူတွေကတော့ အခက်အခဲဖြစ်မှာပေါ့။ စစ်တွေကိုသွားရင် လူနာတင်ကားဆီဖိုးပေးပြီးသွားရတယ်လို့ သိရတယ်။ ပိုက်ဆံမရှိရင်အဆင်မပြေဘူးပေါ့” ဟုပြောသည်။

အဆိုပါကိစ္စနှင် ပတ်သက်၍ မြေပုံမြို့နယ် ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံမှ ဒေါက်တာမျိုးမင်းအောင်က ၄င်းတို့ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံတွင် ဓာတ်မှန်စက်မရှိသေးကြောင်း တင်ပြရန်စီစဉ်နေကြောင်း ပြောသည်။

“ ဓာတ်မှန်ခန်းရှိပါတယ်။နောက် ဓာတ်မှန်ဝန်ထမ်းရှိပါတယ်။ ဝန်ထမ်းကတော့ စက်မရှိတဲ့အတွက် ပြည်နယ်ဓာတ်မှန်ဌာနကိုပဲ လွှဲပေးထားပါတယ်။ သူ့အတွက် အလုပ်လက်မဲ့မဖြစ်အောင်ပါ။ စက်ဟာ အရင်ကတည်း မရှိတာပါ။ လောလောဆယ် ကိုဗစ်ကိစ္စနဲ့မို့ ကော်မတီခေါ်ပြီးတောင်းဖို့အတွက် မဖြစ်ခဲ့ဘူး။ ဓာတ်မှန်နဲ့ပတ်သက်ပြီး အခက်အခဲ တချို့တော့ရှိတယ်။ တော်တော်များများကို ဒီလိုဆုံးဖြတ်ပြီး လုပ်ရတာရှိတယ်။ ဒါပေမယ့် မဖြစ်မနေ ဓာတ်မှန်သုံးရမယ့် လူနာတွေကို အမ်းဆေးရုံကို လွှတ်၇ပါတယ်” ဟုပြောသည်။

၄င်းအပြင် မြေပုံမြို့ဆေးရုံကြီးမှ ဓာတ်မှန်ပျက်နေသည်မှာ ၂ နှစ်ကျော်ကြာနေပြီဖြစ်သဖြင့် အလှူရှင်တစ်ဦးမှ လှူဒါန်းထားကြောင်း ၄င်းဆေးရုံ ဆရာဝန်ကြီးဒေါက်တာသန်းထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ မြေပုံမှာ အလှူရှင်ရနေပါပြီ။ အဲဒီအလှူရှင်က ကျွန်တော်တို့ဆီမှာတစ်လုံးနဲ့ မာန်အောင်မှာ တစ်လုံးလှူမှာပါ။  ကျွန်တော်တို့မှာက ပျက်နေတာပြန်လုပ်လို့ မရတော့ဘူးမို့လို့။ နှစ်နှစ်ကျော်လောက်ရှိပြီ။ ဓာတ်မှန် ရိုက်ဖို့ဟာကတော့ စက်မရှိရင်မရိုက်ရဘူးပေါ့။ အစိုး၇က ကျွန်တော်တို့ တင်ပြမှ ချပေးတာလေ။ ကိုဗစ်နဲ့ ဆိုတော့ လုပ်ဖို့ လူလာဖို့အဆင်မပြေလို့ပါ” ဟုပြောသည်။

၄င်းတို့အနေဖြင့် ဓာတ်မှန်စက်ပျက်နေခဲ့သည့် ၂ နှစ်တာကာလအတွင်း လူနာများအား တခြားမြို့ဆေးရုံများသို့ တဆင့်ခံ လွှဲပြောင်း စမ်းသပ်ကုသခဲ့၇ကြောင်းဆက်ပြောသည်။

“ဓာတ်မှန်စက်က ကျိုးပဲ့တာတွေ၊ အစာအိမ်ပေါက်တာတွေ၊ တီဘီဖြစ်တဲ့လူနာတွေကို စမ်းသပ်ရာမှာ သုံးတာလေ။ လူနာတွေကို ကျွန်တော်တို့ တအားလိုအပ်ရင် (Refer) တဆင့်ခံလွှတ်ပေးခဲ့၇တယ်” ဟု ဒေါက်တာသန်းထွန်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းဝင်း ဇော်လှိုင်အား မေးမြန်းရာ တစ်စုံတစ်ရာဖြေဆိုခြင်းမရှိခဲ့ပါ။

#ကျန်းမာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.