စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်း ၅ နှစ်ပြီးဆုံးသွားပြီဖြစ်သော်လည်း အမတ်များအနေဖြင့် နိုင်ငံရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင်ကြရန် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၀/ ၂၀၂၁

ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်း ၅ နှစ်ပြီးဆုံးသွားပြီဖြစ်၍ လွှတ်တော်ကိုနှုတ်ဆက်ခွဲခွာကြရမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင်ကြရန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက တိုက်တွန်းပြောကြားလိုက်သည်။

“ကျွန်တော်တို့တွေဟာ ပြည်သူတွေက ထောက်ပံ့တဲ့ငွေကို ၅ နှစ်တိတိ သုံးစွဲခဲ့ကြပြီဖြစ်ပါတယ်။ မကြာခင် ကျွန်တော်တို့ ဒီနေရာကို စွန့်ခွာကြရတော့မှာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ တာဝန်ကျေခဲ့ကြပါသလား စဉ်းစားဖို့ လိုပါတယ်။ ဘယ်သူမှ တာဝန်ကျေပွန်ပါတယ်လို့ လက်မထောင်ပြီးတော့ ပြောနိုင်ခဲ့သူ ဒီအစည်းဝေးခန်းမထဲမှာ မရှိပါဘူး။ ဒါကြောင့်ကျွန်တော်တို့ဟာ မိမိတို့ရဲ့ တာဝန်မကျေမှုကို အကြွေးဆပ်တဲ့အနေနဲ့ ချီးမြှင့်ငွေမရတဲ့၊ ထောက်ပံ့ကြေးငွေမရတဲ့ နိုင်ငံရေးတွေမှာ၊ နိုင်ငံရေးလုပ်ငန်းတွေမှာ ကျွန်တော်တို့ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းပါတယ်။” ဟု ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့၌ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ယခုကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားမှုကို ပယ်ဖျက်ပေးရေးအဆို၊ စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် အစိုးရက ကူညီဆောင်ရွက်ပေးရေးအဆိုနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရခိုင်မှမြို့နယ် ၇ ခုတွင် ယခင်အတိုင်း အင်တာနက် 4G ကိုပြန်လည်ဖွင့်လှစ်ပေးရေးတောင်းဆိုသည့်အဆို စသည့် အဆို (၃)ခုကို အတည်ပြုနိုင်ခဲ့ကြသည်။

ယင်းအဆို ၃ ခုကိုကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေးအတွက် တပ်မတော်၊ ပြည်နယ်အစိုးရနှင့် ရခိုင်ပြည်နယ်လွှတ်တော်တို့ စုံစုံညီညီ ပြိုင်တူခြေလှမ်းလှမ်းနေပြီဖြစ်ကြောင်း ဦးစံကျော်လှက ပြောသည်။

“အခုအစည်းဝေးမှာဆိုရင် အဆို ၃ ခုအတည်ပြုနိုင်ခဲ့ပါတယ်။ ဒီအဆို ၃ ခုစလုံးဟာဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ အဆိုတွေဖြစ်တယ်ဆိုတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ အဲဒါကြောင့်လည်းပဲ ကျွန်တော်တို့ ဒီလွှတ်တော်ထဲမှာ ကန့်ကွက်သူမရှိဘဲ စုံစုံညီညီအတည်ပြုနိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် အေအေကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပေးသင့်ကြောင်းအဆိုကို တပ်မတော်ဘက်က ရော၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပါ ကန့်ကွက်မှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ဒါတွေဟာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် တပ်မတော်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်တို့ဟာ ပြိုင်တူခြေလှမ်း လှမ်းနေကြပြီလို့ ပြောလို့ရပါတယ်။” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခု၌ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်အတွက် နောက်လာမည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးသာ ရှိတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးမှာ ရခိုင်အမျိုးသားပါတီ (ANP) မှ ၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၅ ဦး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ၂ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၁ ဦးတို့အပါအဝင် တပ်မတော်သားကိုယ်စားလှယ် ၅ ဦးတို့ဖြစ်ကြသည်။

ဆက်စပ် သတင်းများ