ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၆ / ၂၀၂၀
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူးရခဲ့သော ၇ခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအား ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၄)(ဆ)လမ်းတွင်ရှိသော စံပြပလ္လင်ပြင်ကျောင်းတွင် ဂုဏ်ပြုချီးမြှင့်ပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိ၇သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲကို စမ်းမြအောင်မြေပညာရေးဖောင်ဒေးရှင်းက ပြုလုပ်ခြင်းဖြစ်ပြီး ဘာသာစုံဂုဏ်ထူးရသော ကျောင်းသားတစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်း၏ ဒု-ဥက္ကဋ္ဌ အရှင်စန္ဒမာက မိန့်ကြားသည်။
အရှင်စန္ဒိမာက ̏ ဦးဇင်းတို့ ဖောင်ဒေးရှင်းကတော့ ပညာသင်ထောက်ပံ့ဆုပေးတာ အခု ပထမဆုံးအကြိမ်ဖြစ်တယ်။ ဂုဏ်ထူး ခြောက်ဘာသာပါတဲ့ ကျောင်းသားတွေကိုပဲ ပေးတာပါ။ ပြီးတော့ သူတို့ကို အနာဂတ်မျိုးဆက်သစ်တွေ အတုယူနိုင်ဖို့အတွက် အခုလို လုပ်ရတာလည်း ဖြစ်တယ်။ အခု တက်ရောက်လာယူတာက ခြောက်ယောက်ဖြစ်တယ်။ ကိုယ်စားက လေးယောက်ပေါ့။ စုပေါင်းဆိုတော့ ဆယ်ယောက်ဖြစ်တယ်။ တက်ရောက်မယူနိုင်တဲ့ ကျောင်းသားတွေကို ချောပို့နဲ့ ပို့ပေးမှာပါ။ ̋ ဟုပြောသည်။
ယခုကဲ့သို့ ဆုပေးပွဲပြုလုပ်ပေးသော စမ်းမြအောင်မြေပညာရေးဖောင်ဒေးရှင်း၏ တာဝန်ရှိသူတို့ကို ကျေးဇူးတင်ကြောင်းနှင့် နောက်လာမည့် ကျောင်းသား/သူများအား သင်ခန်းစာများကို စနစ်တကျ ကျက်မှတ်ရန်လိုအပ်ကြောင်း ဆုတက်ရောက်ယူလာသော စစ်တွေမြို့ အထက(၄)မှ ခြောက်ဘာသာဂုဏ်ထူးရှင် မအိဖြိုးခိုင်က ပြောသည်။
မအိဖြိုးခိုင်က ̏ နောက်လာဖို့ ကျောင်းသားတွေကို အကြံပြုပြောချင်တာက စာကို မှန်မှန်ကျက်ဖို့၊ စာသင်ကြားတဲ့အခါ ဂရုတစ်စိုက်နားထောင်ဖို့လိုတယ်။ ကျောင်းပိတ်ရက်တွေမှာ တစ်ပတ်သင်ကြားပေးလိုက်တဲ့ စာကို ပြန်လည်ကျက်မှတ်ဖို့လိုတယ်။ ကျောင်းတွင်းအချိန်ဆိုလည်း အကျိုးရှိရှိ အသုံးချတတ်ရမယ်။ ကိုယ့်ရဲ့ အတန်းသင်ခန်းစာအပြင် ပြင်ပက သင်ခန်းစာတွေကို ကိုယ်ပိုင်စိတ်ကူးနဲ့ ဖန်တီးနိုင်စွမ်းရှိဖို့လိုတယ်။ ဒီပွဲကိုပြုလုပ်ပေးတဲ့ ဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီပွဲကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ ̋ ဟုပြောသည်။
ယခုကဲ့သို့ ဂုဏ်ပြုပွဲကို ပြုလုပ်ပေးခြင်းအားဖြင့် အနာဂတ်လူငယ်များအတွက် ကြိုးစားရန် စိတ်ဓာတ်ခွန်အားများ၇စေ၍ ဝမ်းမြောက်မိကြောင်း စစ်တွေမြို့ အထက(၂)မှ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်ခင်ညွန့်လှက ပြောသည်။
မောင်ခင်ညွန့်လှက ̏ ဒီပွဲကို ပြုလုပ်ပေးတဲ့ ဆရာတော်တွေကို ကျေးဇူးတင်ပါတယ်။ လူငယ်တွေအတွက်လည်း စိတ်ဓာတ်ခွန်အားဖြစ်စေတယ်။ ကျနော်လည်း ဝမ်းမြောက်မိတယ်။ ပြီးတော့ ကျနော် နောက်လာဖို့ ကျောင်းသားတွေကို ပြောချင်တာက အခု ကိုဗစ်ကာလဆိုတော့ ကျောင်းတွေလည်း မဖွင့်ဘူး။ ဒါကြောင့် ကိုယ်ကျက်မှတ်သင့်တဲ့ သင်ခန်းစာတွေကို ဆရာတွေနဲ့ တိုင်ပင်ပြီး ကျက်မှတ်ထားကြပါ။ ပြီးတော့ စိတ်ဓာတ်ခွန်အား ခိုင်မာအောင်ထားဖို့ အဓိကလိုအပ်တယ်လို့ပြောချင်တယ်။ ̋ ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်တစ်ပြည်နယ်လုံးအားဖြင့် ဘာသာစုံဂုဏ်ထူးရရှိခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ ၂၀ ဦးရှိခဲ့သည်။ ၄င်းတို့ထဲမှ ၁၀ ဦးသည် စမ်းမြအောင်မြေပညာရေးဖောင်ဒေးရှင်းမှ ချီးမြှင့်သော ပညာသင်ထောက်ပံ့ကြေးဆုငွေကို တက်ရောက်ယူဆောင်လာခဲ့ပြီး ကျန် ၁၀ ဦးအား Deliver (ချောပို့စနစ်)ဖြင့် ပို့ပေးသွားမည်ဟု ၄င်းအဖွဲ့၏ ပြောကြားချက်အရ သိ၇သည်။
စမ်းမြအောင်မြေပညာရေးဖောင်ဒေးရှင်းကို ရခိုင်ပြည်၏ ပညာရေးချို့တဲ့သော ဒေသများမှ ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ငွေကူညီပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်က တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။