တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာရှိ ရှေးဟောင်းဆင်းတုတော်များမှာ ဝေသာလီခေတ်လက်ရာများဟု သမိုင်းပညာရှင်ဒေါက်တာအေးချမ်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 6.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ လောင်းချောင်းကျေးရွာတွင် တွေ့ရသည့် ရှေးဟောင်းဆင်းထုတော်များမှာ ဝေသာလီခေတ်လက်ရာများဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ပြောကြားသည်။

“အကုန်လုံးကြေးဆင်းတုတော်တွေပေါ့လေ။ ကြေးဆင်းတုရယ်၊ ကြေးခေါင်းလောင်းရယ်၊ ကြေးစေတီရယ်ပါတယ်ပေါ့။ နောက် ဓာတ်တော်ချုပ်နှစ်ခုတွေ့မိတယ်။ အားလုံးကို ခြုံပြီးကြည့်မယ်ဆို်လို့ရှိရင် ဝေသာလီခေတ်လို့ အတိအကျပြောနိုင်ပါတယ်။ ရပ်ရွာမှာတွေ့တာဆိုတော့ ရပ်ရွာကလည်း ထိမ်းသိမ်းချင်တယ်။ ဘယ်သူကပဲ ထိန်းသိမ်းထိန်းသိမ်း မပျောက်မပျက်ဖို့ အရေးကြီးတယ်။”ဟု ပြောသည်။

၄င်းဆင်းတုတော်များကို လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ က လောင်းချောင်းဘုရားတောင်ပေါ်ရှိ ဂူပျက်တစ်ခုမှ တူးဖော်ရရှိခြင်းဖြစ်ကြောင်း သိရသည်။
“ဘုရားဆင်းတုတော်တွေက ကျွန်တော်တို့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ မထူးရပုံစံပါပဲ။ မထူးရပုံစံမှာလည်း အိန္ဒိယပြည် ပါလာရဲ့သြဇာအများဆုံး လွှမ်းမိုးတဲ့ ပုံစံတွေဖြစ်ပါတယ်။ အဲဒီမှာ အဓိက အားဖြင့်တော့ လက်ဟန်ကို ကြည့်တဲ့အခါမှာ အများဆုံးတွေ့ရတာက ဘူမိဖဿမုန္ဒြာ၊ မာရ်နတ်ကို ဆုံးမတဲ့ဟန်ပေါ့။ အဲဒီဟန်ကို အများဆုံးတွေ့ရတယ်။” ဟု ဒေါက်တာအေးချမ်းက ဆိုသည်။

ယခုတွေ့ရှိထားသည့်ဆင်းထုတော်များမှာ ၂ လက်မခွဲအရွယ်အစားခန့်ရှိသည့် ကြေးဆင်းတုတော် ၅၅ ပါး၊ ထိုင်တော်မှုငွေသားဘုရား ဆင်းတုတော် ၂၄ ပါး၊ ၆ လက်မမှ ၁ ပေခန့်ရှိသည့် စေတီ ၉ ဆူ၊ ၃ လက်မခန့်ရှိသည့် သလင်းကျောက်ဘုရားဆင်းတုတော် ၁ ပါးတို့ဖြစ်သည်။

၄င်းဘုရားဆင်းတုုတော်များမှ တချို့အား ဌာပနာ၍ လောင်းချောင်းကျေးရွာသားများက စေတီတည်ထားကိုးကွယ်နိုင်ရန်စီစဉ်နေသည်ဟုလည်း လောင်းချောင်းစေတီဘုရားဂေါပကအဖွဲ့မှ ဦးထွန်းစိုးနိုင်က ပြောသည်။

“ ဦးလေးတို့အဖေတို့ လက်ထက်ကတည်းက ရခဲ့တဲ့ ဘုရားတွေကို ဌာပနာလုပ်ပြီး စေတီတည်ဖို့ မရခဲ့ကြဘူး။ အခုခေတ်မှာ ဒီနေရာကရတဲ့ ဘုရားမို့လို့ ထားသင့်တာကိုထားပြီး ဌာပနာထည့်သင့်တဲ့ ဘုရားသုံးလေးဆူနဲ့ စေတီတည်ရမလားဆိုပြီး ဦးလေးတို့ စိတ်ကူးနေကြတယ်။ ရွာကလူတွေနဲ့ အများသူငှာ ဖူးချင်ရင်လည်း ဖူးရအောင် ကျန်တဲ့ဘုရားတွေကို တည်ထားမလားလို့ တိုင်ပင်ထားကြတယ်” ဟုပြောသည်။

လက်ရှိတွင် အဆိုပါဘုရားဆင်းတုတော်များအား လောင်းချောင်းစေတီတည်ထားသည့် တောင်ကုန်းရှိ ဘုရားသိမ်တွင် အပူဇော်ခံထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ