ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးတချို့ ဆက်လက်ထိန်းသိမ်းခံထားရဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ အပါအဝင် ဝန်ကြီးတချို့အား တပ်မတော်မှ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့အား ဂွမြို့ အခြေစိုက် အမှတ်(၅၆၂) တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း ရခိုင်ပြည်နယ် NLD မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမင်းအောင်က ပြောကြားသည်။

“ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး နှစ်ဦးဖြစ်တဲ့ ဒေါက်တာချမ်းသာ၊ ဦးအောင်ကျော်ဇံတို့ကို ဂွမြို့ အမှတ် ၅၆၂ တပ်ရင်းမှာ ရှိနေတယ်လို့ သိရပါတယ်။ မနေ့ကတောင် ဆေးတချို့လိုအပ်လို့ တပ်က ဂွမြို့ဆေးရုံကနေ လာယူသွားတယ်လို့ သိရှိရပါတယ်”ဟု ၎င်းက ပြောကြားသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂွမြို့ ဆောက်လုပ်ရေးဧည့်ရိပ်သာတွင် တည်းခိုနေစဉ် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် အစောကြီးက စစ်တပ်က ခေါ်ဆောင်သွားခြင်းကို ခံခဲ့ကြရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို စစ်တွေမြို့ အမှတ် (၂၀) တပ်ရင်း ဗန္ဓုလ ရိပ်သာတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှနှင့်အတူ ခေါ်ဆောင်ခံခဲ့ရသည့် ဒေါ်ခင်စောဝေက “လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ ကျွန်မကို မနေ့က မနက် ၅ နာရီကျော်လောက်မှာ လွှတ်တော် ဥက္ကဋ္ဌ နေအိမ်ကနေ တပ်က ခေါ်သွားတာပါ။ ဟိုရောက်တော့ ခေါ်ယူရတဲ့ အကြောင်းကို တိုင်းမှူးကနေ ကျွန်မတို့ကို ရှင်းပြပါတယ်။ ကျွန်မကို မနက် ၉ နာရီကျော်မှာ တပ်ကအိမ်ကို ပြန်ပို့ပေးပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကို အဲဒီ ဗန္ဓုလရိပ်သာမှာ ခေါ်ထားလိုက်ပါတယ်။ အခြေအနေကတော့ စိုးရိမ်စရာမရှိပါဘူး” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး/ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဦးကျော်လွင်၊ ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့နှင့်အတူ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းတို့ကို စစ်တွေမြို့ အစိုးရဝန်ကြီးများ အိမ်ရာတွင် အကျယ်ချုပ်သဘောမျိုးရှိနေပြီး အပြင်တွင် လုံခြုံရေးချထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ