စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အခြားတိုင်းနှင့် ပြည်နယ်အချို့တို့တွင် NLD ရုံးများ ချိတ်ပိတ်ခြင်းခံနေရသော်လည်း ရခိုင်ပြည်နယ် NLD ရုံး ချိတ်ပိတ် ခံရခြင်းမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/ ၂၀၂၁

ဖေဖော်ဝါရီ ၁ ရက်နေ့၌ တပ်မတော်က အာဏာသိမ်းပြီးသည့်နောက် တိုင်းနှင့်ပြည်နယ်အချို့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးများမှာ ချိတ်ပိတ်ခြင်းခံခဲ့ရသော်လည်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် NLD ပါတီရုံးမှာ ချိတ်ပိတ်ခံရခြင်း မရှိကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် NLD ပါတီရုံးအား တပ်မတော်သားအချို့ လာရောက်ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ပါတီရုံးအား ချိတ်ပိတ်သွားသည်ဆိုသည့် သတင်းမှာ စစ်တွေဒေသခံအချို့တို့က ပြောနေကြသော်လည်း ထိုသတင်းမှာ မဟုတ်မှန်ကြောင်း စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးစံရွှေကျော်က ပြောသည်။

ဦးစံရွှေကျော်က “အဲဒီလိုမရှိဘူး။ အဲဒါ ကောလဟာလပါ။ ပါတီရုံးတွေကို ဘာမှတော့ မလုပ်ဘူးပေါ့နော်။ ကျွန်တော်တို့မှာတော့ ရုံးကိုပိတ်ထားတာတော့ မရှိပါဘူး။ ရုံးတော့ တက်ကြပါတယ်။ အခုနိုင်ငံတော် အပြောင်းအလဲဖြစ်တာမှာ ပါတီတွေနဲ့ မဆိုင်ဘူးလေ။ ဒီဘက်မှာတော့ ညွှန်ကြားချက်တွေလည်း မထုတ်ဘူးဆိုတော့ ကျွန်တော်တို့ကလည်း ရုံးကိုလုံးဝပိတ်ထားတဲ့ ပုံစံမျိုးမဖြစ်ရအောင် ဆက်ပြီးတော့ ဖွင့်ထားတယ်ပေါ့။ အခြေနေတွေကတော့ သိတဲ့အတိုင်းပဲ။ အခုလည်း ညွှန်ကြားချက်တစ်ခုမှ မလာသေးဘူးလေ။ ပြည်ထောင်စုဝန်ကြီးတွေကလည်း ခန့်ပြီးရင် ပြည်နယ်တွေမှာလည်း ပြည်နယ်ဝန်ကြီးချုပ်တွေတော့ ခန့်အပ်လာမယ်လို့ ထင်ပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် ပါတီကိစ္စတို့နှင့်ပတ်သက်ပြီး မည်သို့ ဆက်လက်လုပ်ဆောင်သွားရမည်ကို တာဝန်ရှိသူများက ညွှန်ကြားချက်တစ်စုံတစ်ရာ အကြောင်းမပြန်သေးကြောင်းလည်း ဦးစံရွှေကျော်က ပြောသည်။

“အခုထွေ/အုပ်တွေမှာလည်း ဝန်ထမ်းတွေ ရုံးမတက်ရသေးဘူး။ ဝန်ထမ်းတွေ ရုံးဘယ်တော့တက်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်။ အဲဒါမှလည်း ယန္တရားက လည်ပတ်မှာလေ။ ပါတီကတော့ ဘာတစ်ခုမှ ညွှန်ကြားချက်တော့ မရှိသေးဘူး။ ရှိတော့ရှိလာမယ်ထင်ပါတယ်။ အခုလောလောဆယ်တော့ မရှိသေးပါဘူး။ မနေ့ကမှ အလွှဲအပြောင်းဖြစ်တာဆိုတော့ ဗြုန်းခနဲညွှန်ကြားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။” ဟု သူက ဆက်ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းက သမ္မတအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းနှင့်ပြည်နယ်တို့မှ ဝန်ကြီးအချို့တို့အပြင် NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခံရသူများထဲတွင် ရခိုင်ပြည်နယ်မှ ဝန်ကြီးချုပ်ဦးညီပု၊ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအပါအဝင် ဝန်ကြီးအချို့လည်း ပါဝင်ခဲ့ပြီး ယနေ့ ညနေပိုင်းအထိ လွတ်မြောက်ခြင်းမရှိသေးဟု သိရသည်။

ဓာတ်ပုံ - စစ်တွေရှိ ရခိုင်ပြည်နယ် NLD ရုံးအား ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ