Preview

ဂွမြို့တွင် ဒေသခံအများအပြား အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ

ဖေဖော်ဝါရီ ၁၀/ ၂၀၂၁ | ကြည့်ရှုသူ :4289
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် စစ်အစိုး၇အာဏာသိမ်းမှုကို လက်မခံကြောင်း လူပေါင်း ၅၀၀ ခန့်က ယနေ့ နံနက် ၈ နာရီခွဲကစတင် ဆန္ဒပြလျက်ရှိကြောင်း ဆန္ဒထုတ်ဖော်နေသူများကို ကြီးကြပ်စောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဂွမြို့မှ ကိုစိုးမင်းအောင်က ပြောသည်။

တက္ကသိုလ်ကျောင်းသားများနှင့် အစိုး၇ဝန်ထမ်းများအပါအဝင် လူပေါင်း ၅၀၀ ခန့်က ဆိုင်ကယ်ကိုယ်စီဖြင့် “အာဏာရှင်စနစ်ကျဆုံးပါစေ” ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်နေကြကြောင်း ၎င်းက ပြောသည်။

“ဂွမြို့ကိုပတ်ပြီး ဆန္ဒပြကြတာ။ အခုလောလောဆယ်တော့ ရဲစခန်းရှေ့ရောက်နေပြီ။ လူကတော့ အခု ၅၀၀ လောက်ဖြစ်နေပြီ။ လူတွေက တစ်မြို့လုံးထွက်ပြီး လိုက်လာနေကြတယ်ပေါ့နော်။ ကျွန်တော်တို့ မြို့ပေါ်က လူတွေက အာဏာသိမ်းမှုကို လက်မခံဘူးပေါ့”ဟု ယနေ့ နံနက် ၉ နာရီခန့်က ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ကျောင်းသားများအပါအဝင် ထွေ/အုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအပါအဝင် ဆက်သွယ်ရေးရုံးမှ ဝန်ထမ်းများပါ ပါဝင်ကြကြောင်း သူက ဆက်ပြောသည်။

“ပိုစတာကိုယ်စီကိုင်ပြီးပေါ့။ ဆန္ဒပြသူတွေရဲ့နောက်က စစ်ကားတွေကတော့ လက်နက်တွေအပြည့်နဲ့ နောက်က လိုက်နေပါတယ်။ လူတွေကတော့ စည်းစနစ်ကျကျ ဆန္ဒပြနေကြပါတယ်။ ဆိုင်ကယ်နဲ့ ဟွန်းတီးပြီးတော့လည်း လုပ်ကြတယ်။” ဟု ပြောသည်။

မာန်အောင်မြို့တွင်လည်း ဖေဖော်ဝါရီ ၆ ရက်နေ့က တပ်မတော်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်ခင်ထိပ်ထားလှိုင် အပါအဝင် ၃ ဦးကို မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးခဲ့ခြင်းများ ခံခဲ့ရကြောင်း သိ၇သည်။

(ဓာတ်ပုံ- စိုးမင်းအောင်၊ ရဲခေါင်ညွန့်)

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.