စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေး ရွာထဲတပ်စခန်းချထားမှု ရုပ်သိမ်းပေးရန်လိုဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

ဇော်ဝင်းဌေး( ငခူချောင်း)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၁

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာတို့တွင် တပ်မတော်မှ ကျေးရွာနှင့် အနီးဝန်းကျင်တွင် ဝင်ရောက်နေရာယူထားသဖြင့် ကျေးရွာသားများ အိမ်ပြန်နိုင်ရေး အတွက် အခက်အခဲဖြစ်နေပြီး တပ်များကို တစ်ခြားနေရာသို့ ရွှေ့ပြောင်း တပ်စွဲစေလိုသည်ဟု ကျေးရွာသားများက ပြောဆိုသည်။

နွားရုံတောင်ကျေးရွာကို စွန့်ခွာပြီး ဘူးသီးတောင်မြို့ မြတောင်စစ်ဘေးရှောင်စခန်း၌ လာရောက် ခိုလှုံနေသူ ဦးကျော်ဝင်းကြီးက အိမ်ပြန်နိုင်ရန်အတွက် ရွာအနီးအနားရှိ တပ်စခန်းများကို ရုပ်သိမ်း ပေးရန် လိုအပ်ကြောင်းပြောသည်။

နွားရုံတောင်ဆိုတာ စံဂိုးထောင်အုပ်စုထဲမှာပါတယ်။ စံဂိုးထောင်အုပ်စုမှာ သုံးဆယ့်တစ်ဘုံ ဘုရားရင်ပြင်ရှိတယ်။ အဲဒီရင်ပြင်မှာ တပ်စခန်းတွေရှိနေတယ်လို့ သိရတယ်ရွာအနီးဝန်းကျင်းကို မပြန်တာ ၂ နှစ်နီးပါးရှိလာပြီမို့ တပ်က ဘယ်နားမှာချထားတယ်ဆိုတာတော့ တိတိကျကျ မပြောနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရွာမှာတော့ တပ်တွေရှိနေတယ်။ ူးသီးတောင်-စစ်တွေကားလမ်းမှာလည်း တပ်စခန်းတွေရှိယ်ဟု ပြောသည်။

အိမ်မပြန်ရဘဲ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေရသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်သဖြင့် ရွာကို ပြန်လိုကြောင်း၊ သို့သော်လည်း စားရေးသောက်ရေး အခက်အခဲအပြင် လုံခြုံရေးလည်း စိုးရိမ်ရ၍ ရွာမပြန်နိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

လယ်ယာလုပ်ငန်းတွေကို နှစ်နီးပါး မလုပ်ကိုင်နိုင်ဘဲ ရပ်ထားရတဲ့အတွက် ဘာစားစရာ ဝမ်းစာ ဆန်စပါးမရှိဘူး။ လုပ်ကိုင်စားသောက်စရာ အလုပ်လည်းမရှိတော့ အခုနေ အိမ်ပြန်မယ်ဆိုရင် စားရေးသောက်ရေးလည်း အခက်အခဲကြုံရမယ်။ ဒါတွေကို ကူညီထောက်ပံ့ပေးဖိုလိုအပ်ပါတယ်ဟု ပြောသည်။

ရသေ့တောင်မြို့ပေါ် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသည့် ထီးစွဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ၄င်းတို့၏ ကျေးရွာထဲ၌ တပ်စခန်းများ ချထားသောကြောင့် အိမ်မပြန်ရဲသေးကြောင်း ပြောသည်။

" ကျေးရွာသားတွေ အိမ်ပြန်မယ်ဆိုရင် ရွာထဲမှာရှိတဲ့ တပ်စခန်းတွေကို ရုတ်သိမ်းပေးရမယ်။ တပ်စခန်းတွေ မရုပ်သိမ်းဘဲ အိမ်မပြန်ရဲဘူး" ဟုပြောသည်။

စစ်ဘေးရှောင်များအိမ်ပြန်မည်ဆိုပါက မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အပြင် ကျေးရွာရှိ တပ်စခန်းများ ချထားမှုကိုလည်း ပြန်လည်ရုပ်ိမ်းရန်လိုအပ်သည်ဟု ၄င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက စစ်ရေးနှင့် ပတ်သက်သောကိစ္စဖြစ်၍ တိုင်းဦးစီးချုပ်တို့ကသာ လုပ်ဆောင်မည်ဟု နိရဉ္စရာသို့ ပြောသည်။

" ဒါကတော့ လိုပါသေးတယ်။ အဆင့်လိုက်သွားကြရမှာပေါ့ "ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၄င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည် နေထိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်ရှိ စစ်တွေ-အမ်း ကားလမ်းတစ်လျှောက်တွင် တပ်မတော်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ မိုင်းရှင်းလင်းမှုတွေ စတင်လုပ်ဆောင်နေပြီး ဖြစ်သော်လည်း စစ်ဘေးရှောင်အများအပြားမှာ ရွာမပြန်နိုင်ဘဲ ဖြစ်နေကြဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ပွဲများကြောင့် မိမိနေရပ်မှ စွန့်ခွာ နေသော စုစုပေါင်း စစ်ဘေးရှောင် ဦးရေသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ၁၉၄၀၉၄ ဦးရှိကာ စစ်ပွဲများရပ်တန်နေသည့်အတွက် စစ်ဘေးရှောင် ၁ သောင်းခန်အိမ်ပြန်သွားကြသည့်အတွက် ကျန်ရှိသောစစ်ဘေးရှောင်ဦးရေမှာ  ၁၈၅၆၃၁ ဦးရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)၏ ဇန်နဝါရီလ(၁၂)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ