ထွန်းခိုင် (တောင်ရင်းကျွန်း)
ဖေဖော်ဝါရီ ၂၃ / ၂၀၂၁
NLD ပါတီဝင် တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့်ကိုသန့်ဇင်းဖြိုးတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးစစ်တပ်က ခေါ်ဆောင်သွားသည်ဟု သတင်း၇သဖြင့် သူတို့အတွက် စိုးရိမ်ကြောင့်ကြလျက်ရှိကြောင်း မိသားစုဝင်များက ပြောသည်။
ကိုမင်းအောင်၏ ဇနီးဖြစ်သူ မမြဝတ်ရည်က “ဖမ်းတာကတော့ ရဲစခန်းကဖမ်းထားတာပေါ့နော်။ စခန်းကဖမ်းတာကို စစ်တပ်က ခေါ်သွားတယ်ဆိုတော့။ အမှန်မှာ စခန်းကဖမ်းရင် စခန်းက တာဝန်ယူပြီးတော့ စခန်းကတရားစွဲမယ်လို့တော့ ပြောတယ်။ ဘာကိစ္စကြောင့် စစ်တပ်က ခေါ်သွား၇တာလဲ။ အဲဒါတွေကို ကျမတို့က မေးခွန်းထုတ်ချင်တယ်။ အခုက သူတို့အတွက် အရမ်းစိုးရိမ်နေ၇တယ်” ဟုပြောသည်။
တပ်မတော်ကအာဏာထိန်းသိမ်းမှုအပေါ် ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့တွင် ဆန့်ကျင် ဆန္ဒပြခဲ့မှုဖြစ်ပွားခဲ့သည်။ ၎င်းနေ့ ညနေပိုင်းတွင် ကိုမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သူမက ဆက်ပြောသည်။
“သူတိုကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိရပါဘူး။ ကျမတို့ ရဲစခန်းကိုလည်းလှမ်းမေးတာပေါ့။ ကိုမင်းအောင်တို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲလို့ စစ်တပ်က ခေါ်သွားတယ်လို့ပဲသိ၇တယ်။ ဘယ်တပ်က ခေါ်သွားတယ်လို့လည်း သူတို့ မပြောဘူး ” ဟု ပြောသည်။
သူတို့ကို ဖမ်းဆီးခံရပြီးနောက်ပိုင်း မိသားစုနှင့်လည်း ယခုအချိန်ထိအဆက်အသွယ်မ၇သေးကြောင်း ၎င်းက ပြောကြားသည်။
“တခြားလူတွေလို အချုပ်ခန်းထဲမှာ ထည့်ထားတယ်ဆိုရင်တော့ အိမ်ကလည်း ပစ္စည်းပစ္စယတွေ သွားပို့လို့ရတယ်။ အခုကဘယ်နေရာမှာချုပ်ထားမှန်းလည်း မသိဘူး။ ဘယ်ရောက်နေမှန်းလည်း မသိတဲ့အတွက် ကျမတို့လည်းအရမ်းစိတ်ပူ၇တယ်” ဟုပြောသည်။
၄င်းတို့ နှစ်ဦးအားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် တောင်ကုတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမှာလည်းမသေချာကြောင်း မမြဝတ်ရည်က ပြောသည်။
တောင်ကုတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။