အမြောက်လေ့ကျင့်ပစ်ခတ်မှုပြီးစီး၍ ရခိုင်မှငါးဖမ်းစက်လှေများ ပြန်ထွက်ခွင့်ပြုလိုက်ပြီဟုဆို


ချစ်အိလှိုင်

နိရဉ္စရာ၊ဖေဖော်ဝါရီ ၂၃/ ၂ဝ၂၁

ရခိုင်ကမ်းရိုးတန်းရှိ တပ်စခန်းများတည်ရှိရာကျွန်းများမှ လက်နက်ကြီး အမြောက်လေ့ကျင့်ပစ်ခတ်မှုများ ပြီးစီးသွားပြီဖြစ်၍ ငါးဖမ်းစက်လှေများ၊ ရေယာဉ်များကို ပြန်လည်ထွက်ခွာခွင့်ပြုလိုက်ပြီဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ဒီနေ့ဆိုရင်ပြီးပြီ။ ရခိုင်တစ်ခုတည်းမှာ လုပ်တာပါ။ အဲဒီကြေညာထားတဲ့နေရာတွေမှာ အမြောက်တွေ ကြံ့ခိုင်ရေး စစ်ဆေးတာပေါ့။ ပစ်ပြီးပြီ။ ဒီနေ့နောက်ဆုံးပဲ။ ရှေ့က ရက်ကတော့ သူတို့ သတ်မှတ်ထားတာ ရှိတယ်လေ။ ဖေဖော်ဝါရီ ၁၉ နဲ့ ၂၃ ကြားပေါ့။ စက်လှေတွေ သွားလို့ရပြီဟုပြောသည်။

အဆိုပါ အမြောက်များ လေ့ကျင့်ပစ်ခတ်မှုကို ာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ မေယုကျွန်းစခန်းနှင့် နံ့သာကျွန်းစခန်းတို့မှ ပြုလုပ်ခဲ့ပြီး ကျွန်းများ အနီးဝန်းကျင် ၁ဝ မိုင်ပတ်လည်တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးသန်းဝင်းမြိုင်က ဖေဖော်ဝါရီ ၂၃ ရက် ယနေ့ နံနက်က ၄င်မာန်အောင်ကျွန်းအနီး အမြောက်လက်နက်များ ပစ်ခတ်ခဲ့ကြောင်း ပြောသည်။

မာန်အောင်ရေတပ်စခန်းကပစ်တာ လေးငါးခြောက်ချက်ကြားလိုက်တယ်။ ဒီနေ့မနက်ကိုးနာရီ လောက်ကပါ။ မာန်အောင်ရေတပ်စခန်းက။ သူတို့ကြိုတင်ပြောထားလို့သာပဲပေါ့။ မဟုတ်ရင် စိုးရိမ်မှာပေါ့ဟုသူက ပြောသည်။

အဆိုပါလေ့ကျင့်ပစ်ခတ်ချိန်တွင် ကျွန်းစခန်းများ၏ ရေပြင်နယ်နမိတ် ၁ဝ မိုင်ပတ်လည်အတွင်းတွင် လှေ၊ စက်လှေ၊ သင်္ဘောများနှင့် လူများသွားလာမှုမရှိစေရေး ခရိုင်အဆင့်မှ ကျေးရွာအဆင့်အထိ အုပ်ချုပ်ရေးမှူးများထိ သတိပေးတားမြစ်စာများထုတ်ကာ သတိပေး ကြေညာခဲ့ကြောင်း သိရသည်။

Share: