- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၃
ချစ်အိလှိုင်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/ ၂ဝ၂၁
ရခိုင်မျိုးစောင့်အဖွဲ့(ARG) ၏ (၅) ကြိမ်မြောက် ရှယ်ယာအမြတ်ခွဲဝေခြင်း အခမ်းအနားကို စစ်တွေမြို့ရှိ ARG ဗဟိုဌာနချုပ်တွင် ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားသို့ ARG ဥက္ကဋ္ဌ ဦးဘအေးအပါအဝင် အဖွဲ့ဝင်များ၊ ရှယ်ယာထည့်ဝင်ထားသူများ၊ စိတ်ပါဝင်စားသူ ၆၀ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်သမိုင်းသုတေသီ ဆရာကြီးမောင်ဗသိန်းမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဦးစိုးနိုင် (လျှပ်စစ်)က ဆောင်ရွက်သည်။
အခမ်းအနားတွင် ရှယ်ယာတစ်စု (ကျပ် ၁သိန်း)ဖြင့် ထည့်ဝင်ထားသူများကို ရှယ်ယာ တစ်စု တစ်နှစ်အတွက် အမြတ်ငွေ ကျပ် ၃၀၈၅၀ စီကို ခွဲဝေပေးခဲ့သည်။ ARG တွင် အစုရှယ်ယာဝင်သူ စုစုပေါင်း ၁၄၀ ရှိကာ စုစုပေါင်း အစုရှယ် ၂၁၈၇၀၀၀၀၀ ပိုင်ဆိုင်ထားပြီး ရရှိခဲ့သည့် အမြတ်ငွေမှာ (၁-၁-၂၀၂၀ မှ ၃၁-၁-၂၀၂၁) ထိ ၆၇၄၆၈၉၅၀ ကျပ် ရရှိခဲ့သည်။
ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ သုံးဘီးများကို အဓိက ရောင်းချ လုပ်ငန်းကို လုပ်ကိုင်ပြီး အရောင်းစင်တာများကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့တွင် ဖွင့်လှစ်ထားသည်။
“ ARG ဟာ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပေမယ့် လုပ်ငန်းခွဲအဖြစ် စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ လူမှုရေး လုပ်ငန်းကို ခွဲခြားပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းစုကို ရခိုင်သားတွေ စုပေါင်းစီးပွားရေးလုပ်ငန်းတွေ လုပ်တတ်လာဖို့နဲ့ လုပ်လည်း လုပ်လာဖို့ကို ရည်ရွယ်ပြီးလုပ်တာပါ” ဟု ဥက္ကဋ္ဌ ဦးဘအေးက ပြောကြားသည်။
ARG အနေဖြင့် လူမှုရေး လုပ်ငန်းကိုလည်း လုပ်ကိုင်ပြီး ရခိုင် လက်နက်ကိုင် ပဋ္ဋိပက္ခအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများအား တစ်ဦးလျှင် ၂ သိန်းကျပ်စီဖြင့် လူပေါင်း ၁၀၀ ကျော်ကို ကူညီလှူဒါန်းခဲ့သည်။
“ ဒီနှစ်မှာ လှူဒါန်းဖြစ်တာကတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးထိခိုက်ဒဏ်ရာရသူ တစ်ရာကျော်လောက် ကူညီနိုင်ခဲ့တယ်။ ဒါ့ပြင် လယ်သမားများအတွက် အခမဲ့ လယ်ထွန်ယက်ပေးတဲ့အပြင် တစ်ခြား လူမှုရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ARG တွင် အဖွဲ့ဝင်များထံမှ လစဉ်ကြေးပေးသွင်းငွေများနှင့် စီးပွားရေး လုပ်ငန်းခွဲ (ARAKAN) လုပ်ငန်းစုမှ ရရှိသော အမြတ်ငွေ ၁ဝ ရာခိုင်နှုန်းဖြင့် လူမှုရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။
ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးစိုးနိုင်က “ ဝမ်းသာတာပေါ့နော်။ ရှယ်ယာထည့်ခြင်းအားဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝလေ။ အစ်ကိုတို့လုပ်ချင်တဲ့ အမျိုးသားရေးအရလိုအပ်တဲ့ ကဏ္ဍတွေကိုထည့်ထားတဲ့ ရှယ်ယာငွေတွေထဲက ရတဲ့အမြတ်ငွေနဲ့အလှူလုပ်ပြီးသားဖြစ်သလို အမြတ်ကိုလည်းရတယ်။” ဟုပြောသည်။
၄င်တို့ ARG အဖွဲ့ကို အဖွဲ့ဝင်တစ်ဦးလျှင် လစဉ်ကြေးတစ်ထောင်ကျပ် သတ်မှတ်ထားပြီး စေတနာရှိသူများက စေတနာအလျောက် ပေးသွင်းမှုကို လက်ခံကြောင်း၊ အဖွဲ့ဝင်များ၏ နောင်ကျန်းမာရေး၊ နာရေးနှင့် သဘာဝ ဘေးအန္တရာယ်တစ်ခုခုကျရောက်ပြီး အခက်အခဲရှိနေပါက အဖွဲ့ဝင်ကြေး အားလုံးနီးပါးကို လုပ်ငန်းအောင်မြင်မှုပေါ်မှုတည်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
ရှယ်ယာထည့်ဝင်ချင်သူများမှာ စီးပွားရေး လုပ်ငန်းစုအတွက် ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် ၁ သိန်းကျပ်နှုန်းဖြင့် ထည့်ဝင်နိုင်ကြောင်း၊ အမြတ်ငွေကို နှစ်စဉ် ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်း ဦးစိုးနိုင်၏ ပြောပြချက်အရသိရသည်။
ရခိုင်မျိုးစောင့်အဖွဲ့ (ARG) တွင် အဖွဲ့ဝင် ၄၀၀ ကျော်ရှိပြီး ဂျပန်နိုင်ငံတွင် ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ရခိုင် လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု သိရှိရသည်။