တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

အမှိုက်များကင်းစင်ရေးအတွက် စိုင်းတင်ရေတံခွန်တွင်အမှိုက်ပုံးများထားရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k


ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၁  / ၂၀၂၁

ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ရေတံခွန်တွင် အမှိုက်များ ကင်းစင်ရေးပြီး သန့်ရှင်းလှပ လာစေရေးအတွက် အမှိုက်ပုံးများကို စနစ်တကျ ထားရှိလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့ စာပေဥယျာဉ်အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ချေကကျနော်တို့ ဒီလိုမျိုး သွားလုပ်ရတာက စိုင်းတင်ကို အမှိုက်တွေနဲ့ မဖုံးလွှမ်းစေချင်ဘူး။ အဲဒီကို အခုက ခရီးသွားပြည်သူတွေ အများကြီး ရောက်နေတဲ့အချိန်ဖြစ်တယ်။ အမှိုက်တွေလည်း အလွန်များပြားလာတယ်။ အဲဒါကြောင့် ဒီအမှိုက်တွေကို စနစ်တကျ စွန့်ပစ်ထိန်းသိမ်းဖို့ လိုအပ်လာပြီဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ကျနော်တို့အဖွဲ့က သွားပြီး အမှိုက်ပုံးတွေ သွားထားတာဖြစ်တယ်ဟု ပြောသည်။

အမှိုက်ပုံးများမှာ ပလပ်စတစ်ပုံးအမျိုးအစား စုစုပေါင်း ၁၄ ပုံးဖြစ်ပြီး ဘူးသီးတောင်မြို့ စာပေဥယျာဉ်အဖွဲ့နှင့် မောင်တောလူငယ်ရေးရာကွန်ယက်အသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဟု  သိရသည်။

 အမှိုက်ပုံးကတော့ ပလပ်စတိတ် ပုံးကြီးပေါ့။ အရေအတွက်က ၁၄ ပုံးဖြစ်တယ်။ အဲဒီ အမှိုက်ပုံးတွေကို လူစည်းကားတဲ့ နေရာတွေမှာ ချပေးထားပါတယ်။ နောက်ထပ် ဝါးနဲ့ရက်လုပ်တဲ့ အမှိုက်ပုံးတွေကိုလည်း ထားပေးသွားမှာ ဖြစ်တယ်။ ပြီးတော့ စိုင်းတင်ကိုသွားတဲ့အခါ အမှိုက်တွေကို စနစ်တကျ ပစ်စေချင်တယ်။ ပြီးရင် စိုင်းတင်ရဲ့သဘာဝအလှကိုလည်း ထိန်းသိမ်းပေးစေချင်တယ်ဟု ကိုအောင်ချေက ဆက်လက် ပြောကြားသည်။

စိုင်းတင်ရေတံခွန်ကို ခရီးသွားပြည်သူ များပြားလာသောကြောင့်၊ စွန့်ပစ်ပစ္စည်းအမှိုက်များကို စနစ်တကျ စွန့်ပစ် ထိန်းသိမ်းရန်အတွက် လိုအပ်လာကြောင်း၊ အရက် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ရှောင်ကြဉ်ကြစေလိုကြောင်း သူတို့က ပြောကြားသည်။

ကျနော်တို့အဖွဲ့ရဲ့  ခုလို အမှိုက်ပုံးထားရတဲ့ ရည်မှန်းချက်က စိုင်းတင်ရေတံခွန်လှပစိုပြေရေးအတွက် ရည်ရွယ်ပါတယ်။ ပြီးရင် လူငယ်တွေကို မူးယစ်ဆေးဝါးသုံးစွဲတာတွေ ပပျောက်စေလိုပါတယ်။ အရည်အသွေးပြည့်ဝတဲ့လူငယ်တွေဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ ရပ်ရွာသာယာလှပပြီး သန်းရှင်းလှပတဲ့ စိုင်းတင်ဖြစ်စေချင်ပါတယ်ဟု ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ တွင် စာပေဥယျာဉ်အဖွဲ့ကို ဘူးသီးတောင်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် လူပေါင်း ၆၀ ကျော်ခန့် ရှိကြောင်းလည်း သိရှိရသည်။

ဆက်စပ် သတင်းများ