တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းပေါက်ကွဲ၍ ကလေးငယ် ၂ နှစ် ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မတ်လ ၄/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာအနီး စစ်လက်နက်အကြွင်းအကျန်ပစ္စည်းပေါက်ကွဲ၍ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူ ကလေးငယ် ၂ ဦးမှာ ပဲသဒူကျေးရွာမှ ဦးဦးချမ်းနှင့် ဒေါ်အောင်မညို၏ သားနှစ်ဦးဖြစ်သည့် မောင်လှထွန်း (၁၀) နှစ်နှင့် မောင်ရဲထွန်း (၈) နှစ် တို့ဖြစ်သည်။

ဖြစ်စဉ်မှာ ၄င်းတို့ နှစ်ဦးသည် ယနေ့ နံနက် ၁၀ နာရီခန့်က ကျေးရွာအနီး တောင်ကုန်းနားသို့ လက်ပံပွင့်သွားကောက်စဉ် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းပေါက်ကွဲကာ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့မှ လူမှုရေးလှုပ်ရှားသူ ကိုဘက္ကာက ပြောသည်။

ကလေးတွေက သိတဲ့အတိုင်းပဲလေ။ တောသဘာဝအတိုင်း လက်ပံပွင့်သွားကောက်ကြရင်း အဲဒီအနီးမှာ ကစားနေကြရင်း အဲဒီ စစ်လက်ကျန်ဗုံးသီးကိုတွေ့တာ။ အဲဒါကို ထိမိပြီး ပေါက်ကွဲသွားတာ။ အဲဒီစစ်လက်ကျန်ဗုံးသီးက လက်သီးဆုတ်လောက်ရှိမယ်။ တခြားကလေးတွေလည်း ပါပါတယ်။ ဒါပေမယ့် သူတို့ညီအစ်ကိုနှစ်ယောက်နဲ့ အဲဒီ ဗုံးသီးနဲ့ပိုနီးတော့ သူတို့နှစ်ယောက်ပဲ ဒဏ်ရာရသွားတာဟု ၎င်းက ပြောသည်။

ညီဖြစ်သူ မောင်ရဲထွန်းမှာ ရင်ဘတ်ကို ကျည်ဆံထိန်မှန်ပြီး ဦးခေါင်း၊ ရင်ဘတ်၊ ခြေနှင့် လက်တို့တွင်လည်း ဒဏ်ရာရရှိသွားခဲ့သည်။ဒဏ်ရာပြင်းထန်သည့်အတွက် ၄င်းကို စစ်တွေဆေးရုံသို့ ယနေ့ ညနေ ၄ နာရီခန့်က ကားဖြင့် ရသေ့တောင်ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကျန်တစ်ဦးဖြစ်သူ မောင်လှထွန်းမှာ ဒဏ်ရာမပြင်းထန်သဖြင့် ရသေ့တောင်ဆေးရုံတွင် ကုသမှု ခံယူနေရသည်ဟု ပြောသည်။

 မောင်လှထွန်းက လက်နက်အစတွေပဲ ဝင်သွားတာ။ ဒဏ်ရာက သိပ်တော့ မများဘူး။ ဒါပေမယ့် သူ့ကို ရသေ့တောင်ဆေးရုံမှ ဆေးကုသမှုပေးနေတယ်ဟု ကိုဘက္ကာက ဆက်ပြောသည်။

 အဆိုပါ စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲသည့်နေရာမှာ ပဲသဒူကျေးရွာနှင့် ကပ်လျက်ရှိသည့် တောင်ကုန်းများ အောက်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

 ယင်းကျေးရွာအနီးတဝိုက်တို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ