မောင်တောမြို့နယ် မြောက်ပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အင်ဂျင်နီယာတစ်ဦးအပါအဝင် သုံးဦးသေဆုံး


ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၆  / ၂၀၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်အနီးတွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အင်ဂျင်နီယာ တစ်ဦးအပါအဝင် လူသုံးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ၃ ဦးတွင် ကိုင်းကြီးရွာမှ မြိုတိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးထွန်းဝင်း၊ ကျန်တစ်ဦးမှာ ပေါင်းရွာမှ မြိုလူမျိုးတစ်ဦးနှင့် နောက်တစ်ဦးမှာ အင်ဂျင်နီယာ ဦးသက်ထူးအောင်(၅၀) ဖြစ်ကြောင်း ကိုင်းကြီးအုပ်ချုပ်ရေးမှူး ဦးမောင်သန်းကျော်က ပြောကြားသည်။

  အခု ကျနော် အလောင်းတွေရှိတဲ့နေရာကို ရောက်နေပါတယ်။ ဘူးသီးတောင် ဗျူဟာဂိတ်လမ်းဆုံမှာ အလောင်းတွေ ရောက်နေပါတယ်။ စုစုပေါင်း သုံးလောင်းပါ။ မောင်တောမြောက်ပိုင်း ဝေလာတောင်ပတ်ဝန်းကျင် အောင်ဇံရွာအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ပြောပါတယ်။ အလောင်းတွေပေါ်မှာ သေနတ်ဒဏ်ရာတွေ တွေ့ရပါတယ်။ ဒီပတ်ခတ်မှုကို အာဆာအဖွဲ့က လုပ်တာလို့ သိရပါတယ်ဟု ၎င်းက ပြောကြားသည်။

 ၎င်းတို့မှာ  ခြံစည်းရိုးကာရံရာတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ၎င်းပတ်ဝန်းကျင် အနီးတဝိုက်တွင်   အာဆာ (ARSA) အဖွဲ့လှုပ်ရှားသည်ဟု သိရကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

 မိုင်တိုင် ၄၅ မှာဖြစ်တာပါ။ သဲ သွားသယ်ရင်းနဲ့ ကားကို အပစ်ခံရတာပဲ။ အဲဒီမှာ သူတို့က ခြံစည်းရိုး လုပ်နေတာဖြစ်တယ်။ အပစ်ခံရတဲ့ အချိန်က မနေ့က နေ့လယ်ပိုင်းလောက် ဖြစ်မယ်ထင်တယ်။ ဆောက်လုပ်ရေးဝန်ထမ်း အင်ဂျင်နီယာ တစ်ယောက်ပါတယ်။ မြိုလူမျိုး နှစ်ယောက်ပါတယ်။ အဲဒီ နှစ်ယောက်မှာ တစ်ယောက်က ကိုင်းကြီးရွာကလို့ သိရတယ်။ ကျန်တစ်ယောက်ကိုတော့ ကျနော်လည်း မသိဘူးဟု ၎င်းက ပြောသည်။

 ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၀ နာရီခန့် က မောင်တောမြို့နယ်၊ ဝေလာတောင်ကျေးရွာ ပြည်သူ့စစ်ခေါင်း ဦးသာနုအောင်က ပြောသည်။

 သူတို့က ၄၅ မိုင်တိုင်မှာ ရဲကင်းစခန်း ဆောက်ကြတာပါ။ သေးဆုံးသွားတဲ့ သူတို့က သဲ သွားယူပြီးအပြန် အပစ်ခံရတာ ဖြစ်တယ်။ မြိုလူမျိုး အလုပ်သမား ၂ ယောက်ပါတယ်။ ဆောက်လုပ်ရေးက အင်ဂျင်နီယာ တစ်ယောက်ပါတယ်။ မြိုလူမျိုး နှစ်ယောက်ကတော့ ကိုင်းကြီးရွာက ဖြစ်တယ်ဟု ပြောသည်။

 အောင်စံရွာအုပ်စု အောင်စံကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးကံလှမောင်ကလည်း သေဆုံးသူ သုံးဦးမှာ သူတို့ရွာသို့ ထမင်းယူပြီး အပြန်တွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

 ဒီအနီးတစ်ဝိုက်မှာ ၄၅ ဆိုတဲ့ မိုင်တိုင် ရှိတယ်။ သူတို့က အဲဒီနားမှာ ရဲကင်းစခန်း ဆောက်နေကြတာပါ။ သူတို့က ကျနော်တို့ ရွာလာပြီး သဲတင်တဲ့ ကားနဲ့ ထမင်းလာယူတယ်။ ထမင်းယူပြီးအပြန် လမ်းမှာ သူတို့က အပစ်ခံရတာပါ။ လက်နက်ကြီးပစ်သံ နှစ်ချက် ကြားလိုက်ရတယ်။ လက်နက်ငယ်ပစ်သံ သုံး ချက်လောက် ကြားလိုက်တယ်။ မြိုလူမျိုး ၂ ယောက်မှာ တစ်ယောက်က ရင်ဘက်ကို ထိသွားတယ်။ ကျန်တစ်ယောက်က ခေါင်းကို ထိသွားတယ်။ အင်ဂျင်နီယာမှာလည်း ခေါင်းကို ထိသွားတယ်ဟု ပြောဆိုသည်။

 ယခုအခါ အလောင်းများကို မောင်တောသို့ ယူဆောင်လာကြောင်း သိရသည်။


Share: