ဇွဲဓန (ကိန်းသာမြေ)
နိရဉ္စရာ၊ မတ်လ ၆ / ၂၀၂၁
ပြည်သူများ အသုံးများသည့် ပုဏ္ဏာကျွန်း-ရသေ့တောင် ကားလမ်းကိုမဖွင့်ပေးသေးကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ (ပစက) အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းနိရဉ္စရာသို့ ယနေ့ နေ့လယ်ဆက်သွယ်မေးမြန်းစဉ်ပြောကြားသည်။
ကားလမ်းဖွင့်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်းခရီးသည်တင်ယာဉ်အချို့ ၎င်းလမ်းကို ဖြတ်သန်းစဉ်နယ်မြေခံ ကင်းစခန်းဂိတ်တစ်ခုမှ သွားလာခွင့်မပြုခဲ့သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီးဗိုလ်မှူးကြီးမင်းသန်းကို မေးမြန်းစဉ် ကားလမ်းကို ဖွင့်ပေးထားခြင်း မရှိသေးကြောင်းပြောကြားသည်။
“ အဲဒီကားလမ်းမှာ မိုင်းတွေရှိလို့ မဖွင့်ပေးသေးဘူး။ ပြီးတော့အဲဒီကားလမ်းက ဖွင့်ပေးထားတဲ့ လမ်းထဲမှာ မပါသေးဘူး။ ဒီလမ်းကို ဘယ်တော့ ဖွင့်ပေးမှာကိုလည်းကျနော်လည်း မသိဘူးခင်ဗျား” ဟု ပြောသည်။
ပုဏ္ဏာကျွန်းနှင့် ရသေ့တောင် ကားလမ်းကို ဖွင့်လိုက်ပြီဟုကြားသိရ၍ ကိုယ်တိုင်မောင်းနှင်းသွားကြည့်ရာတွင် လက်ဝဲစာတိုက်ရွာအနီးမှ စစ်တပ် စစ်ဆေးစဲရေးဂိတ်ကဖြတ်သွားခွင့်မပြု၍ ပြန်လှည့်လာရသောကြောင်း စစ်တွေမြို့၊ မင်းဂံအကွက်(၇)က ခရီးသည် တင်ပို့နေသူ ကားမောင်းသမား ကိုထွန်းလှကျော်ကပြောသည်။
“ အဲဒီလမ်းကို ဖွင့်ပေးထားပြီလို့ကျနော်တို့က သတင်းတွေ တင်ထားတာကိုမြင်လို့ သိရတာပါ။ ဆိုတော့ ကျနော်တို့လည်း အဲဒီလမ်းကရသေ့တောင်ကို သွားကြည့်တာပေါ့။ သွားကြည့်တော့ အဲဒီဂိတ်က ကျနော်တို့ကို စစ်ဆေးတယ်။ သူတို့ကဘယ်ကိုသွားလဲမေးတယ်။ ကျနော်တို့က ရသေ့တောင်ကို သွားတာလို့ ပြောတယ်။ ကျနော်တို့က လူလေးယောက်ကားလေးစီးဖြစ်တယ်။ ခရီးသည်တွေတော့ မပါဘူး။ ကားသမား သက်သက် သွားတာပါ။ ကျနော်တို့လည်းလမ်းကြောင်း အခြေနေကို သွားကြည့်တာပေါ့။ ကျနော်တို့ ကားတွေက ရသေ့တောင်ကို ခရီးသည်တင်ဆောင်နေတဲ့ကားတွေဖြစ်တယ်လို့ ပြောတယ်။ သူတို့ပြောတာက သွားလို့မ၇ဘူးလို့ ပြောတယ်” ဟု ပြောသည်။
၎င်းလမ်းတွင် ကျန်းမာရေးအရ အရေးပေါ်ကားများမှ အပ ခရီးသည်တင်ကားများကိုခွင့်မပြုသေးကြောင်း စစ်တပ်က ပြောကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“သွားလို့မရဘူးဆိုရင်ဘယ်လိုဖြစ်လို့လည်းဆိုပြီး စစ်တပ်က တာဝန်ရှိသူတွေကို မေးကြည့်တယ်။ သူတို့က ပြောတာကနာရေးကိစ္စတွေ ကျန်းမားရေး ကိစ္စတွေ အရေးပေါ်ကိစ္စတွေ အတွက် ဖွင့်ပေးထားတာလို့ ပြောတယ်။ခရီးသည်တွေ တင်ယူပို့ဆောင်ဖို့ဆိုရင် သွားလို့မရဘူးလို့ ပြောတယ်။ ကျနော်တို့ ပြန်လာခဲ့ရတယ်။သွားလို့မ၇ခဲ့ဘူး။” ဟု ပြောသည်။
၇သေ့တောင်မြို့နှင့် ပုဏ္ဏားကျွန်းမြို့ အကြား ဖောက်လုပ်ထားသည့်ကားလမ်းသည် အလျား ၂၂ မိုင် ၆ ဖာလုံခန့်ရှည်လျားပြီး စစ်တွ-ရန်ကုန် ပြည်ထောင်စုကားလမ်းမနှင့်ဆက်သွယ်ထားသော လမ်းဖြစ်သဖြင့် လူသွားလူလာများပြားသည့် ကားလမ်းတစ်လမ်းဖြစ်သည်။
၎င်းလမ်းမှာ စရိတ်စခ သက်သာပြီး အချိန်တိုအတွင်း ရောက်ရှိသဖြင့်၎င်းလမ်းကို ပြန်လည်ဖွင့်ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရှိ၇သည်။
အဆိုပါ ကားလမ်းကို တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ပိတ်ထားသည်မှာယခုလက်ရှိ ၁၀ လ ကျော်နီးပါး ရှိနေပြီဖြစ်ကြောင်း သိရှိ၇သည်။