Preview

စည်တောင်ရွာပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသူ ၅ ဦးအတွက် ၂ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

မတ် ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :4918
ရခိုင် သတင်း

ရဲသွေးနီနီ (ဘူးသီးတောင်)
နိရဥ္စရာ၊ မတ်လ ၂၂/ ၂၀၂၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်စဉ်အတွင်းသေဆုံးသွားကြသော ရွာသူ ရွာသား ၅ ဦးအတွက် ၂ နှစ်ပြည့်ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားကို ယမန်နေ့ မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ရွာဦးရှိ ကုက္ကိုလ်ပင်အောက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားစီစဉ်သူ ဦးမောင်မောင်သန်းက “သေဆုံးသွားကြတဲ့သူတွေကို မိသားစုဝင်တွေနဲ့တကွ ကျနော်တို့ရပ်သူရွာသားတွေ ဒီအဖြစ်အပျက်ကို သတိရနေစေဖို့၊ နောက်ပြီး ကျနော်တို့ရွာနည်းတူ ဖြစ်ပျက်ခဲ့တဲ့တခြားရွာသားတွေကလည်း ကျနော်တို့နည်းတူ ဆက်တိုက်ဆက်တိုက်လုပ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကျနော်တို့စည်တောင်ရွာအနေနဲ့ ပထမဆုံးအကြိမ်လုပ်၇ခြင်းဖြစ်ပါတယ်”ဟုပြောသည်။
စည်တောင်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ည ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရွာသား ၅ ဦးသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူများမှာ ဒေါ်လှလုံးဘုံ (၈၅ နှစ်)၊ ဦးမောင်အေးထွန်း (၅၀ နှစ်)၊ ဒေါ်သန်းညွန့် (၄၅ နှစ်)၊ မောင်မြတ်ဆွေသိန်း (၂၀ နှစ်)နှင့် မောင်အောင်သန်းဌေး (၁၉ နှစ်)တို့ဖြစ်သည်။
၎င်းတို့ ၅ ဦးအနက် ဒေါ်လှလုံးဘုံသည် ရွာတွင်းရှိ သူ၏တဲအိမ်ငယ်အတွင်းသေဆုံးသွားခြင်းဖြစ်ပြီး ကျန် ၄ ဦးမှာ ရွာလယ်ရှိ တောင်ကုန်းငယ်၏အောက်တွင်ပြုလုပ်ထားသည့်ဗုံးခိုကျင်းတွင် သေဆုံးသွားကြခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသွားသူများ၏ မိသားစုဝင်ဖြစ်သူ ဒေါ်မစိန်ကျော့က “ကျမမှာ သား၊ တူ၊ အစ်မ၊ ခဲအိုတွေ သေဆုံးသွားတဲ့အတွက် အလွန်တရာမှ ဝမ်းနည်းကြေကွဲ ခံစားနေ၇တယ်။ နှစ်စဉ်နှစ်တိုင်း မတ်လ ၂၁ ရက်နေ့ရောက်တိုင်းမှာလည်း ကြေကွဲရမှာပဲ။ တစ်ဘဝလုံးအတွက် အသက်မသေသရွေ့ ကာလပတ်လုံး ဒီနေ့ကို တစ်သက်လုံးမေ့လို့၇မှာမဟုတ်ဘူး” ဟုပြောသည်။
ယခုလိုသေဆုံးသွားခဲ့ကြခြင်းကို ရခိုင်သူ၇ခိုင်သားများကလည်း ကိုယ်ချင်းစာပြီး ဝင်ခံစားကြည့်စေချင်ကြောင်း သေဆုံးသွားသူများ၏ မိသားစုဝင်ဖြစ်သူ ဦးကျော်ဝင်းက ပြောသည်။
“ကျနော့်ရင်ထဲမှာတော့ မမေ့ပျောက်နိုင်အောင်ခံစားရတဲ့ အဖြစ်ပျက်တစ်ခုပါ။ မိသားစုဝင်ထဲက တူ၊ အစ်မ သေဆုံးသွားတဲ့အတွက် ရင်ထဲမှာမထားနိုင်လောက်အောင် ကြေကွဲခံစား၇ပါတယ်” ဟုပြောသည်။
သေဆုံးသွားကြသူများအတွက် ရည်စူး၍ ရေစက်ချအမျှဝေခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းနှင့် ကျေးရွာအတွင်းမှ စာပေဝါသနာရှင်များကလည်း ကဗျာရွတ်ဆိုခြင်းတို့ကို ယမန်နေ့ကပြုလုပ်ခဲ့သည့်အခမ်းအနားတွင်ပြုလုပ်ခဲ့ကြပြီး လူပေါင်း ၃၀၀ ခန့်တက်ရောက်ခဲ့ကြသည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.