မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဧပြီ ၁ /၂၀၂၁
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)/ ရက္ခိုင့်တပ်တော်(AA)ကိုအကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူများသည်ဥပဒေအရ ရင်ဆိုင်ရဦးမည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
“ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့ စီမံခန့်ခွဲနိုင်တဲ့ပုဂ္ဂိုလ်များကဒီအမှုတွေကို ရှေ့ကို ဆက်မသွားလိုတော့ဘူး။ သို့မဟုတ် ဆက်သွားပါဆိုတဲ့ မူဝါဒချထားတဲ့အပေါ်မှာပဲဒီမှုတွေရဲ့ရှေ့ရေးဟာ အဲဒီအပေါ်မှာပဲ သွားမယ်။ ဥပဒေသဘောအရတော့ အရင်စွဲထားတဲ့အမှုတွေကအခုလောလောဆယ်မှာ AA ကို အကြမ်းဖက်အဖွဲ့ကရုပ်သိမ်းလိုက်တဲ့အတွက် အဲဒီအမှုတွေဟာအလိုအလျောက်ပြီးသွားတာတော့ မဟုတ်ဘူး။ ဥပဒေအတိုင်းပဲ သူတို့တွေက ရင်ဆိုင်ဆဲအနေနဲ့ သွားနေ၇မှာဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီက စစ်တွေမြို့ရှိ ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေး ခန်းမတွင် သတင်းထောက်အချို့နှင့်တွေ့ဆုံစဉ် ဦးလှသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် တရားစွဲခံနေရဆဲဦးရေ ၂၀၀ ကျော်အထိရှိနေသေးသည်ဟုသိ၇သည်။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ULA/ AA ကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှရုပ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူများကိုလည်းအမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။
အဆိုပါအမှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်ဝင်ရောက်လမ်းညွှန်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်သည် လုပ်ထုံးလုပ်နည်းအရ မရှိဟုလည်းရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူများသည်ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ရှိနေသည်ဟု သိ၇သည်။