ဇွဲဓန(ကိန်းသာမြေ)
နိရဥ္စရာ၊ ဧပြီလ ၇ / ၂၀၂၁
ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာတွင် စစ်အကြွင်းအကျန်ဗုံးသီးပေါက်ကွဲ၍ ဒဏ်ရာ ပြင်းထန် ရရှိခဲ့သော အသက် ရ နှစ်အရွယ်မောင်ဝေယံလင်းသည် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန်ရောက်ရှိလာကြောင်း သိ၇သည်။
၎င်းလူငယ်မှာ ဧပြီ ၆ ရက်နေ့ ညနေက စစ်တွေဆေးရုံသို့ ရောက်ရှိလာပြီးသူ၏ ဒဏ်ရာအတွက် ဆွေမျိုးမိသားစုဝင်များက စိုးရိမ်နေကြောင်း ၄င်း၏ အဒေါ်ဖြစ်သူဒေါ်တင်တင်ယီက ပြောသည်။
“ ကျန်ခဲ့တဲ့ကလေးမှာဒဏ်ရာရသွားတာက ကျောကုန်းမှာ သုံးပေါက် ပေါက်သွားတယ်။ ပြီးတော့ ခါးဆစ်နဲ့ပေါင်မှာ ရသွားတယ်။နောက်ထပ် ခြေသလုံး ဒူးဆစ် ခြေမျက်စိတွေမှာဖြစ်တယ်။ ဘယ်ဖက်ခြေထောက် တစ်လျှောက်လုံးလို့ပြောရမှာပေါ့။ ဒဏ်ရာကတော့ နည်းနည်း ပြင်းထန်လို့ ပြောလို့ရတယ်။ ဒီနေ့ သူ့ခြေထောက်ကိုဓာတ်မှန်ရိုက်ထားတယ်။ ဆရာဝန်က ဒဏ်ရာအခြေနေကို ဘာမှမပြောသေးဘူး။ မသိရသေးဘူး။ အခုတော့သူက မတ်တပ်မရပ်နိုင်ဘူး။ လမ်းလည်း မလျှောက်နိုင်ဘူး။ သူ့ခြေထောက်ကို ဖြတ်လိုက်ရမှာကိုဆွေမျိုးမိသားစုတွေက စိုးရိမ်နေကြပါတယ်။ နဂိုအတိုင်း ဖြစ်လာမလား မဖြစ်ဘူးလားဆိုတာကိုပေါ့” ဟု ပြောသည်။
အဆိုပါဗုံးပေါက်မှုဖြစ်စဉ်မှာ အသက်ငါးနှစ်အရွယ်မောင်ကိုကိုလင်းက ဗုံးသီးငယ်တစ်လုံးကို အိမ်အနီးအနားရှိ ပတ်ဝန်းကျင်ကကောက်ယူလာခဲ့ပြီး မိခင်ဖြစ်သူရှိရာ အိမ်ရှေ့၌ ထုရိုက်ခွဲရာမှပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ မိခင်ဖြစ်သူ ဒေါ်အေးအေးသိန်း (၃၅)နှစ် (ကိုယ်ဝန်ဆောင်ထား၇မိခင်)၊ ဗုံးကိုထုခွဲသူသားလတ် မောင်ကိုကိုလင်း(၅)နှစ်၊ သားငယ် မောင်ဆန်းဝင်း (၂)နှစ်တို့သေဆုံးခဲ့သည်ဟု ဒေါ်တင်တင်ယီက ပြောကြားသည်။
သားကြီးဖြစ်သူ မောင်ဝေယံလင်း (ရ)နှစ်တွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။၎င်းဗုံးပေါက်ကွဲသော နေအိမ်မှာ ရွာ၏အပြင်ဘက်တောစပ်တွင် ဆောက်လုပ်ထားသောအိမ်ဖြစ်ကြောင်း သိ၇သည်။
“အခုလက်ရှိအစိုးရကို ပြောချင်တာက မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်နတ်အကြွင်းကျန်ပစ္စည်းတွေကိုကျမတို့ မြို့နယ်မှမဟုတ် တစ်ခြားမြို့နယ်တွေမှာလည်း မိုင်းရှင်းလင်းရေး လုပ်ပေးစေချင်ပါတယ်။ ကျမတို့ တောသူတောင်သားတွေဆိုတော့ တောတောင် ချောင်းမြောင်းတွေကိုမှီခိုပြီး လုပ်ကိုင် စားသောက်နေရတာပါ။ လူကြီး လူလတ် ကလေးငယ်ကအစ သွားရတယ်။ အခုက တိုက်ပွဲလည်းနည်းနည်းငြိမ်နေဆိုတော့ ရွာသူရွာသားတွေက တောတောင်တွေကို ဝမ်းရေးအတွက် စွန့်ပြီးသွားကြရတယ်။မသွားရင် ကျမတို့က ထမင်းငတ်သွားနိုင်တယ်” ဟု သူမက ပြောသည်။