Preview

ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်လွတ်လပ်စွာတွေ့ဆုံခွင့်ရရန် ရှေ့နေတောင်းဆိုမှု ပယ်ချခံခဲ့ရဟုဆို

ဧပြီ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :2271
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၁

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုရင်ဆိုင်နေရသည့်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ရှေ့နေဖြစ်သူက လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရရန်ယမန်နေ့ ရုံချိန်းတွင် တင်ပြခဲ့ရာ တရားရုံးက ၎င်းတောင်းဆိုချက်ကို ပယ်ချခဲ့သည်ဟု သတင်းရရှိသည်။

ဦးညီပုကိုမှု မည်သည့်နေရာတွင် ထားရှိသည်ကို ယနေ့အချိန်ထိ မသိရရှိသေးသလို ရှေ့နေ ဖြစ်သူနှင့်လည်း  အမှုသည်မှာလည်း လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်မရသဖြင့်တရားလိုများကို အမှုစတင်မစစ်ဆေးမီ လွတ်လပ်စွာတွေ့ဆုံ ဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း  အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသူတရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

တရားလိုကိုစစ်ပါတယ်။ သို့သော်ကျွန်တော်တို့က ဦးညီပုနဲ့ တွေ့ပြီး အမှုအကြောင်းမပြောရသေးဘူး။ ဦးညီပုနဲ့ရှေ့နေနဲ့ မတွေ့တဲ့ကာလမှာ တရားလိုသက်သေတွေကို အမှုမစစ်ပဲ နောက်ရုံးချိန်း ချိန်းပေးဖို့တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အမှုတိုးတက်ရာတိုးတက်ကြောင်း မြန်မြန်ဆန်ဆန် ပြီးစီးဖို့ဆိုပြီးကျွန်တော်တို့ လျှောက်ထားချက်ကို ပလပ်ပြီး တရားလိုကို စစ်ပါတယ်ဟုပြောသည်။

ယမန်နေ့ (၇-၄-၂၀၂၁) နေ့က ဦးညီပု၏ အမှုမှ တရားလိုဖြစ်သူ စစ်တွေမြို့နယ်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းအား ဗွီဒီယိုအွန်လိုင်းဖြင့် စစ်ဆေးခဲ့သည်ဟုသိ၇သည်။

ဦးညီပုလည်းစစ်တဲ့အချိန်မှာ အွန်လိုင်းမှာတွေ့တယ်။ ဒါပေမယ့် အပြင်မှာ အေးအေးဆေးဆေး အမှုအကြောင်းကို လွတ်လပ်စွာ ဆွေးနွေးချင်တယ်။ ဥပဒေပါအခွင့်အရေးကို နိုင်ငံသားအားလုံးက ရသင့်တယ်လို့ကျွန်တော် အနေနဲ့ပြောချင်တယ်။ ရှေ့နေနဲ့အမှုသည်တွေ့ဆုံပြီး အမှုဆက်သွားရင် တရားမျှတမှုရှိမယ်လို့ထင်တယ်။ဦးညီပုကတော့ ရှေ့နေပြောစကားဟာ မှန်ကန်တဲ့အတွက် ရှေ့နေ ပြောစကားအတိုင်းပါပဲလို့ ပြောတယ်ဟု ၎င်းကဆက်ပြောသည်။

ဦးညီပုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညအချိန်တွင်ဂွမြို့နယ်ရှိ ၄င်း၏နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိတွေ့ခွင့်မ၇သေးဟု မိသားစုများက ပြောသည်။

ဦးညီပု ရင်ဆိုင်နေ၇သည့် အမှုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြစ်ပြီး ၎င်းအမှုမှာ ထောင်ဒဏ် ၂ နှစ်ထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်ကြောင်းသိရှိ၇သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.