ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇွဲဓန (ကိန်းသာမြေ)
နိရဉ္စရာ/ ဧပြီ ၉ / ၂၀၂၁
သတ္တမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲအားယမန်နေ့ ညနေက ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာ၏ တန်းခိုးဆရာထွန်း စာကြည့်တိုက်ရှေ့ကွင်းပြင်တွင်ကျင်းပ ပြုလုပ်ခဲ့သည်။
၄င်းဆုပေးပွဲတွင် တစ်သက်တာစာပေဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆု၊ကဗျာဆု၊ ကလေးကဗျာဆု (ရခိုင်အခေါ် အချေကဗျာဆု) နှင့် ဂီတစာဆိုဆု စုစုပေါင်း (ရ) ဆုကိုချီးမြှင့်ခဲ့ကြောင်း သိရှိ၇သည်။
တန်းခိုးဆရာထွန်း တစ်သက်တာစာပေဆုကို ဆရာအနောက်သား(စစ်တွေ)အားလည်းကောင်း၊ဝတ္ထုဆုကို ဆရာမ မေလှိုင်းဖြူ (သံတွဲ)အားလည်းကောင်း၊ ဆောင်းပါးဆုကို ကိုယ်တော် ရိုးနွယ်(ကျောက်ဖြူ)အားလည်းကောင်း၊ကဗျာဆု ကိုယ်တော် ဥက္ကာမင်းညိုအားလည်းကောင်း၊ ကလေးကဗျာ(အချေကဗျာ)ဆုအာဆရာ ဈာန်ဟိန်း(မြောင်းဘွေ)အားလည်းကောင်း၊ ဂီတစာဆိုဆု အဆိုတော် ဝင်းကိုခိုင်အားလည်းကောင်း ချီးမြှင့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ထူးချွန်ထက်မြက်သော စာရေးဆရာများ ပေါ်ထွန်းလာစေချင်သောရည်ရွယ်ချက်ကြောင့် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ရခြင်း ဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီ၏အထွေထွေးအတွင်းရေးမှူး ဆရာလွမ်းပြေအောင်(စစ်တွေ)ကပြောသည်။
“ရခိုင်ပြည်မှာထူးချွန်ထက်မြက်တဲ့စာပေသမား စာရေးဆရာတွေကို ပေါ်ထွန်းစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။နောက်ပြီးတော့ တေးရေးဆရာတွေ ပေါ်ထွန်းစေချင်တယ်။ နောက်ထပ် ရခိုင်ပြည်က အမျိုးဂုဏ်၊ဇာတိဂုဏ် မြင့်မားဖို့အတွက် တစ်စိုက်မတ်မတ် ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာ တေးရေးဆရာတွေကိုရည်ရွယ်ချက်လည်းပါတယ်။ အဲဒါကြောင့် တန်းခိုးဆရာထွန်းရဲ့ စာပေဆုချီးမြှင့်ပွဲကို ပြုလုပ်၇ခြင်းဖြစ်ပါတယ်” ဟုပြောသည်။
ရခိုင်အဆိုတော် ကိုဝင်းကိုခိုင်ကလည်း ဂီတစာဆိုဆု ရရှိသည့်အတွက်အလွန်ဝမ်းသာမိကြောင်း ပြောကြားသည်။
“ဒီတန်းခိုးဆရာထွန်းဆုကတော့ ရခိုင်ပြည်မှာဆိုလို့ရှိရင်တော့အမြင့်ဆုံးပေါ့။ ဒီဆုကို ရတယ်ဆိုတာကလည်း ကျနော်တို့ အမျိုးသီလနဲ့ အမျိုးသားရေးကို အဓိကထားတဲ့လူတွေအတွက် ဒီဆုကို ချီးမြှင့်ပေးတာပေါ့နော်။ဆိုတော့ ဒီဆုကိုပေးတဲ့ စာပေကော်မတီဝင်တွေ ဆုရွေးချယ်ရေးအဖွဲ့တွေ နောက်ပြီးတော့ ဂီတမောင်နှမအသိုင်းအဝိုင်းတွေစာပေအသိုင်းအဝိုင်းတွေ အားလုံးနဲ့ အားပေးတဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” ဟုပြောသည်။
တန်းခိုးဆရာထွန်း၏ မြစ်တော်စပ်သူလည်းဖြစ် ပွဲကျင်းပရေးကော်မတီ၏ဥက္ကဋ္ဌလည်းဖြစ်သူ ဦးနီမောင်ကလည်း သတ္တမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကိုသိုက်သိုက်ဝန်းဝန်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် အလွန်ဝမ်းသာမိကြောင်း ပြောကြားသည်။
“ ကျနော်တို့ရဲ့ဆွေးမျိုးကို အခုလို ဂုဏ်ပြုလို့ ကျနော်အထူးဝမ်းမြောက်တယ်။ ကျနော်မိသားစု အပါအဝင် ကျနော်တို့ကျေးရွာသူ၊ကျေးရွာသားတွေကလည်း အလွန်ဝမ်းသာကြပါတယ် ” ဟုပြောသည်။
ဆုချီးမြှင့်ပွဲတွင် အဆိုတော် ဝင်းကိုခိုင်၊ အဆိုတော် စေရာဇ်၊အဆိုတော် စစ်ငြိမ်းနိုင်၊ အဆိုတော် အာရကန်မောင်မောင်၊ အဆိုတော် အာရီယံတို့ကလည်း သီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့သည်။
၄င်းပွဲသို့ ရခိုင်ပြည်နယ်၊ မြို့နယ်အနှံ့အပြားမှ ရဟန်းသံဃာများ၊စာရေးဆရာ၊ ဆရာမများအပြားအပါအဝင် ဒေသခံပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိ၇သည်။
တန်းခိုးဆရာထွန်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်ပြီးဗြိတိသျှ ကိုလိုနီခေတ်က ရခိုင်တွင် ထင်ရှားကျော်ကြားခဲ့သည့် စာရေးဆရာ၊ တေးရေးဆရာတစ်ဦးဖြစ်သည်။ အသက် (၇၀) ဝန်းကျင်တွင် ကွယ်လွန်ခဲ့ကြောင်း သိရှိ၇သည်။