Preview

စစ်လက်ကျန်ဗုံးသီးကိုင်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ မူဆလင်လူငယ် ၆ ဦးဒဏ်ရာရ၊ ဆင်းရဲချို့တဲသူများဖြစ်ကြ၍ ဆေးကုသမှုခံယူရန် ငွေကြေးအခက်ခဲရှိနေဟုဆို

ဧပြီ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :1196
ရခိုင် သတင်း

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဧပြီ ၉/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်)ကျေးရွာတွင်လူငယ်များက ဟင်းခင်းထဲမှ ကောက်ရသည့် စစ်ပွဲကျန် ဗုံးသီးတစ်လုံးကို ကိုင်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီးလူငယ် ၆ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။  ၎င်းဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီ၈ရက်) နေ့လယ် ၁၂ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာ၇သွားသည့် လူငယ် ၆ ဦးမှာ မအိမ်ပိယပ် (၁၆) နှစ်၊ မဖေရိုစ်ဒိုး(၁၃) နှစ်၊ မအစ်မိဒါ (၁၆) နှစ်၊ မောင်အေနာမူ (၁၁) နှစ်၊ မောင်ရာဟမ်နုရ် (၁၀) နှစ်နှင့်မဆုပါရာ (၁၃) နှစ်တို့ဖြစ်ကြောင်း တောင်ရွာကျေးရွာ တာဝန်ခံ ဦးနုရ်ရာမစ်က နိရဉ္စရာသတင်းဌာသို့ပြောသည်။

ရွာအရှေ့ဘက်မှာရှိတဲ့ဟင်းခင်းထဲကို သွားကြတာ။ နေ့တိုင်းသွားတာ ဘာမှမဖြစ်ဘူး။ မနေ့ကတော့ ကံဆိုးတယ်ပြောရမှာပါပဲ။အဲဒီနားမှာ တိုက်ပွဲတွေဖြစ်တုန်းက ကျန်ခဲ့တဲ့ လက်နက်ကို ကလေးတွေရလို့ ကိုင်လိုက်တာ။အဲဒါက သုံးလက်မလုံးပတ်ခန့်ရှိမယ်။ အဲဒါကို ကိုင်ကြည့်လို့ ပေါက်ကွဲသွားတာ။ ရွာနဲ့ ပေါက်ကွဲတဲ့နေရာက၁ ဖာလုံခွဲလောက်ပဲဝေးတော့ ပေါက်ကွဲတဲ့ အသံကို ရွာက  အကျယ်ကြီး ကြား၇တယ်ဟု ကျေးရွာတာဝန်ခံက ပြောသည်။

ဒဏ်ရာ၇သူ ၆ ဦးထဲတွင်  မောင်ရာဟမ်နုရ် (၁၀) နှစ်နှင့် မဆုပါရာ (၁၃) နှစ်တို့မှာဒဏ်ရာ အနည်းငယ်သာရရှိသွားပြီး ကျန် ၄ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဘူးသီးတောင်ဆေးရုံကြီး၌ဆေးကုသမှုခံယူနေကြောင်းသိ၇သည်။  

အခုဒဏ်ရာရသွားတဲ့သူတွေက အိမ်ထောင်စုနှစ်ခုက မောင်နှမတွေပါ။ သူတို့လည်း အဲလောက်ထိ ချမ်းသာတဲ့သူတွေမဟုတ်ပါဘူး။ ဒီနေ့ရှာ ဒီနေ့စားရတဲ့သူတွေပါ။ ဆေးရုံမှာ ဆေးကုဖို့ အခက်ခဲ ရှိပါတယ်။ အလှူရှင်တွေအနေနဲ့နည်းနည်းအကူညီရမယ်ဆိုရင် ဆေးကုလို့ရပါမယ်။ မဟုတ်ရင် သူတို့ဒုက္ခရောက်ကြမယ် ဟု ပြောသည်။

ဒဏ်ရာရရှိသွားသူများကို ယမန်နေ့ နေ့လယ် ၁ နာရီခန့်ကတည်းဘူးသီးတောင်ဆေးရုံသို့ ကားဖြင့် ယူဆောင်ခဲ့သည်ဟု ဆိုသည်။

စိုင်းတင်တံတားအနီးသို့အရောက်တွင် ဒဏ်ရာအနည်းငယ်ရရှိသွားသည့်မောင်ရာဟမ်နုရ်နှင့် မဆုပါရာကို တပ်မတော်သားများက ဆေးကုသပေးမည်ဟုဆိုကာ ခေါ်ဆောင်ထားလိုက်ကြောင်းကျေးရွာတာဝန်ခံက ဆက်လက် ပြောဆိုသည်။

ဒဏ်ရာရရှိသွားသူများမှာ ခြေ၊ လက်၊ ဗိုက်၊ ဦးခေါင်း၊ ကျောကုန်းတို့တွင်ဒဏ်ရာအသီးသီးရရှိ သွားခြင်းဖြစ်ကြောင်း မအိမ်ပိယပ်၏  ဖခင် ဦးဟာဆောန်ရှော်ရိပ်က ပြောသည်။

ကျွန်တော့်သမီးမှာရင်ဘတ်တွေကိုလည်း ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရတဲ့နေရာက များပါတယ်။ ဆေးရုံမှာကလည်း ဘယ်နှစ်ရက်ကြာနေရမယ်မှန်း မသိရဘူး။ သမီးအတွက် တချို့ဆေးတွေကိုတော့ ဆေးရုံက အခမဲ့ပေးပါတယ်။ အပြင်ကသွားဝယ်ရတာတချို့ရှိတယ်။ အဲဒါတွေကိုကျတော့ ငွေမတတ်နိုင်ဘူး။ ကျွန်တော်တို့မှာက ထမင်းနှစ်ထပ် ပုံမှန်စားရဖို့တောင်အခက်ခဲရှိနေတာပါဟုပြောသည်။

တောင်ရွာကျေးရွာတွင် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲ၍ မူဆလင်လူငယ် ၆ ဦး ဒဏ်ရာရရှိသွားသည်မှာ မှန်ကန်ကြောင်း ဘူးသီးတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်က နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားသည့်  ၂ နှစ်တာ ကာလအတွင်း မြေမြှပ်မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲ၍ လူပေါင်း ၄၄ ကျော်သေဆုံးခဲ့ပြီး လူပေါင်း၈၇ နီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရသိ၇သည်။

#စစ်ကျန်လက်နက်ခဲယမ်းမီးကျောက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.