အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသည့် ဘူးသီးတောင်မြို့နယ်အာကာပျံရွာသား၃ ဦးနှင့် ၁၃ ရက်ကြာသည်အထိ မိသားစုများအဆက်အသွယ်မရသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 303

ဆောင်းဇာခြည်
နိရဉ္စရာ ၂၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အာကာပျံကျေးရွာမှ ပျောက်ဆုံးနေသည့် ကျေးရွာသား ၃ ဦးနှင့် ၁၃ ရက်ကြာသည်အထိ အဆက်အသွယ် မရသေးကြောင်း ၎င်းတို့၏ မိသားစုများက ပြောကြားသည်။
၎င်းတို့ ၃ ဦးသည် ဧပြီ ၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အာကာပျံ ကျေးရွာအနီးရှိ တောင်ထဲမှ မြောင်သို့ ဟင်းခူးငါးရှာ သွားရာမှ ပျောက်ဆုံးနေခြင်းဖြစ်သည်။
၎င်းတို့မှာ ဦးမောင်မောင်သန်း (၄၈) နှစ်၊ ဦးအောင်နိုင်ဌေး (၃၅) နှစ်၊ ဦးဇော်အောင်သန်း (၃၅) နှစ်တို့ဖြစ်ကြောင်း မိသားစုများက ပြောသည်။
ဆွေမျိုးတော်စပ်သူ ဦးမောင်သန်းဌေးက “ငါးသွားရှာကြတာ။ ရွာအရှေ့ဘက်က ကျောက်ပေါက်ဆိုတဲ့ မြောင်ကိုသွားတာ။ ပျောက်သွားလို့ နောက်နေ့မနက်မှာ ရွာကလူတွေနဲ့ သူတို့ကို သွားရှာခဲ့တော့ အဲဒီ သူတို့ သွားခဲ့တဲ့နေရာတွေမှာ နွယ်ပင်တွေနဲ့ တုတ်ချည်ထားတာတွေကို တွေ့ရပါတယ်။ နောက်ပြီးတော့ အဲဒီမြောင်နားမှာ မူဆလင် အာဆာလို့ ပြောရမှာပေါ့။ အဲဒီမူဆလင်တစ်ယောက်ကို သေနတ်ကိုင်ပြီး ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီမူဆလင်က ကျွန်တော်တို့ကိုတွေ့တာနဲ့ အဲဒီမြောင်အတိုင်းပဲ ထွက်ပြေးသွားပါတယ်။ ကျွန်တော်တို့လည်း သူ့မှာ သေနတ်တွေနဲ့ဆိုတော့ ကြောက်ပြီး ဆက်မလိုက်လိုက်ကြပါဘူး။ အခု ပျောက်သွားတဲ့သူ သုံးယောက်ကို ပြန်ရှာမတွေ့လို့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်” ဟု သူက ပြောသည်။
အဆိုပါ ကျေးရွာမှ ရွာသား စုစုပေါင်း ၃၀ ခန့်က ကျေးရွာအနီးတဝိုက်နှင့် တောတောင်အနီးတို့တွင် ယင်း ပျောက်နေသူ သုံးဦးအား ရှာဖွေမှုများ ပြုလုပ်လျှက်ရှိကြကြောင်း သူက ဆက်ပြောသည်။
၄င်း သုံးဦးနှင့် မိသားစုဝင်များ အဆက်သွယ်မရရှိ၍ စိုးရိမ်လျှက် ရှိကြကြောင်းကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားဟောင်း ဦးထွန်းအောင်သိန်းက နိရဉ္စရာသို့ ပြောသည်။
“ပျောက်သွားတဲ့သူ သုံးယောက်ကို ရွာသားတွေကတော့ ဝိုင်းဝန်းပြီး ရှာဖွေ နေကြပါတယ်။ အဲဒီ ပျောက်သွားတဲ့နေ့ကပဲ အဲဒီရွာက အဘွားအိုလင်မယားလည်း အဲဒီနားကို ဟင်းရှာဖို့ သွားတယ်ပေါ့။ သွားတော့ သူတို့ဟင်းရှာဖို့သွားတဲ့ အနီးတဝိုက်မှာပဲ ပြောက်ကျားဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဗမာစကားပြောတဲ့ မူဆလင် ၇ ယောက်ကို တွေ့ခဲ့ကြတယ်။ အဲဒီ မူဆလင် ၇ ယောက်က အဘွားအို လင်မယားကို ဗမာလိုပြောပြီး သူတို့ကို အဲဒီနေရာမှာ တွေ့တယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောနဲ့ဆိုပြီး ခြိမ်းခြောက်ခဲ့တာ ရှိပါတယ်” ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က အဆိုပါ သုံးဦးပျောက်ဆုံးနေသည်ကို ၄င်းအနေဖြင့် သတင်းရရှိထားပြီဖြစ်ကြောင်း ပျောက်ဆုံးနေသူများအား ကျေးရွာသားများက ဆက်လက်ရှာဖွေလျှက်ရှိကြကြောင်း နိရဉ္စရာသို့ ပြောသည်။

ဆက်စပ် သတင်းများ