တနင်္လာ၊ ဒီဇင်ဘာလ ၄ရက်၊ ၂၀၂၃

မြောက်ဦးရဲစခန်းတွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံထားရစဉ် သေဆုံးသွားသူ ဦးအောင်ထွန်းလှဆေးစာ ၁ လနီးပါးရှိနေပြီဖြစ်သော်လည်းမရရှိသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k


ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဧပြီ ၂၇ / ၂၀၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် သေဆုံးသွားသူ ဦးအောင်ထွန်းလှ၏ ဆေးဟာကို တစ်လ လနီးပါး ရှိနေပြီးဖြစ်သော်လည်း ယနေ့ထိ ဆေးစာမရရှိသေးသဖြင့် သေဆုံးသွားသည့် အကြောင်းအရင်းကို မသိရသေးဟု ၎င်း၏ အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ မြောက်ဦးခရိုင် ဥပဒေ အထောက်အကူပြုအဖွဲ့မှ ရှေ့နေ ဒေါ်လှမေစုက ပြောသည်။
“ ဆေးစာမရဘူးဆိုတာက ရဲတွေအလုပ်မလုပ်လို့ မရဘူးဖြစ်နေတာ။ ဆေးစာယူရဖို့တာဝန်က ကျမတို့ တာဝန်မဟုတ်ဘူး။ ရဲတာဝန်ဖြစ်တယ်။ အဲဒါကို ကျမတို့ တောင်းလို့လည်းမရဘူး။ တရားခံ တစ်ယောက် သေတယ်ဆိုလို့ရှိရင် ဆေးစာကို တင်ပြရမှာဖြစ်တယ်” ဟုပြောသည်။
ဦးအောင်ထွန်းလှမှာ မည်သည့်အတွက်ကြောင့် သေဆုံးသွားသည်ကို အမြန်ဆုံးသိချင်ကြောင်း၊ ဆေးစာမရသဖြင့် သေဆုံးရသည့် အကြောင်းအရင်းကိုမသိရှိရဘဲ မဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဒုရဲအုပ်အောင်သူက ဦးအောင်ထွန်းလှ သေဆုံးသွားခြင်းမှာ နှလုံးအလုပ်မလုပ်သဖြင့် ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ပြီး သူ၏ ဆေးစာအားလည်း တရားရုံသို့ ပို့ထားပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးအောင်ထွန်းလှ အသက် (၅၈) နှစ် သည် ပြီးခဲ့သော မတ်လ ၃၁ ရက်နေ့ ညနေ ၁၀ နာရီအချိန်တွင် သတိလစ်ပြီး မြောက်ဦးမြို့ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
သေဆုံးသွားသူသည် မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာမှဖြစ်ပြီး ၄င်းသည် မင်းပြားမြို့၊ ဦးစိုးတင့် ရပ်ကွက်မှ သံတို၊သံစ ရောင်းဝယ်သူ ဦးစိန်ဝင်းမောင် အသက် (၆ဝ)နှစ်နှင့်အတူ တိမ်ညိုကျေးရွာ အနီးတွင် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ တပ်မ ၅၅ စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။
ယင်းနောက် ၄င်းတို့နှစ်ဦးကို အကြမ်းဖက်မှုဥပဒေပုဒ်မ ၅ဝ(စျ)/ ၅၂ (က)တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကာ မြောက်ဦးရဲစခန်း အချုပ်ထဲမှနေပြီး အမှုရင်ဆိုင်နေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မြောက်ဦးခရိုင်အတွင်း ၎င်းတို့ အမှုအပါအဝင်အကြမ်းဖက်မှုနှင့် တရားစွဲဆိုထားသော အမှုပေါင်း ၂၄ မှုရှိကြောင်းလည်း သိရှိရသည်။

ဆက်စပ် သတင်းများ