ဆောင်းဇာခြည်
နိရဉ္စရာ၊ မေ ၃/ ၂၀၂၁
သတင်းရေးသားရာ၌ သတင်းသမားများ၏ လွတ်လပ်ခွင့်များဆုံးရှုံးနေကြောင်းယနေ့ မေလ ၃ ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ၇ခိုင်သတင်းသမားများကပြောဆိုလိုက်သည်။
လက်ရှိအချိန်တွင် သတင်းစာလွတ်လပ်ခွင့်မှာ ယခင်ထက် ပိုပြီးဆုံးရှုံးလာသလိုခံစား၇ကြောင်း Eleven သတင်းဌာနမှအကြီးတန်းသတင်းထောက် (ရခိုင်အခြေစိုက်) ကိုသန်းလှိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
“ကျွန်တော်တို့ရခိုင်ပြည်နယ်မှာဆိုရင်တော့ သတင်းသမားတွေကို ဖြေဆိုမယ့်သူမရှိဘူးပေါ့။ လွတ်လပ်စွာ ရေးရင်လည်းတစ်ဖက်က ကန့်ကွက်မှုအနေအထားလည်း ရှိနေတယ်။ အဲဒီလို အနေအထားတွေကို ကြုံခဲ့ရတယ်ပေါ့။အခုအချိန်တော့ သတင်းစာ လွတ်လပ်ခွင့်တော့ အခုအခြေနေမှာ ပိုပြီးတော့ လွတ်လပ်ခွင့်မရှိသလိုခံစားရပါတယ်။ ဘာလို့လဲဆိုတော့ တချို့ ကျွန်တော်တို့ မီဒီယာသမားတွေအနေနဲ့ သိချင်တဲ့အချက်အလက်တွေကို ရဖို့အတွက် ခက်ခဲတယ်။ သတင်းအရင်းအမြစ်တွေကလည်း လက်ရှိကာလမှာဆိုရင်မဖြေရဲကြတာတွေ ဖြစ်လာကြတယ်။ အဲသလို အခြေအနေတွေ အခု အများကြီးရှိလာတယ်ပေါ့” ဟု ပြောသည်။
အစိုးရအရပ်ရပ်ပြောင်းလဲလာသည်နှင့်အမျှ မတူညီသည့် လွတ်လပ်ခွင့်များရှိသော်လည်းမီဒီယာလွတ်လပ်ခွင့်မှာ ၅၀ ရာခိုင်နှုန်းခန့်သာရှိခဲ့ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်တွင်လည်း သတင်းများကို သတိထားရေးသားနေရပြီးလွတ်လပ်ခွင့်များဆုံးရှုံးကာ လုံခြုံရေးကိုလည်း စိုးရိမ်နေ၇သည်ဟု သတင်းသမားများက ပြောဆိုကြသည်။
ရခိုင်ပြည်နယ်အတွင်းမှ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့နှစ်ဘက်တိုက်ပွဲများအား သတင်းရေးသားသည့်ခဲ့သည့်အခါ တိုက်ပွဲအခြေနေနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှမီဒီယာများသို့ ဖြေဆိုခြင်းတစ်စုံတစ်ရာ မရှိသည့်အတွက် သတင်းရေးသားရာတွင် အခက်ခဲကြုံခဲ့ရ၍မီဒီယာ လွတ်လပ်ခွင့်ကို မခံစားရကြောင်း ၇ခိုင်အခြေစိုက် Development Media Group သတင်းဌာနမှသတင်းထောက် မနှင်းနွယ်က ပြောသည်။
“ကျွန်မဆိုရင်အရင်က တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ သတင်းရေးခဲ့တာတွေ ရှိတယ်။ သတင်းမီဒီယာဥပဒေနဲ့အညီဘက်မျှမှုရှိဖို့အတွက် ဒေသခံရော၊ တပ်ကိုပါ ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်မရခဲ့တဲ့အခါမီဒီယာကျင့်ဝတ်နဲ့အညီ ဖော်ပြခဲ့တယ်။ ကိုယ်ကလည်း အဲဒီ အတိုင်းရေးလိုက်တဲ့ အခါမှာ အဲဒါကကိုယ့်ကို အန္တရာယ်ဖြစ်လာစေတာတွေရှိပါတယ်။ သတင်းက တင်ပြီးမှ သူတို့ဘက်က မီဒီယာသမားတွေကို တရားစွဲဆိုတာတွေ ရှိတယ်ပေါ့။အဲဒီအခါမှာဆိုရင် သတင်းလိုက်ရတဲ့အပိုင်းတွေမှာ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသလို ခံစား၇တယ်” ဟု ပြောသည်။
သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသောကြောင့် မီဒီယာသမားများသာနစ်နာခြင်းမဟုတ်ဘဲ ပြည်သူများအတွက်ပါ နစ်နာမှုရှိကြောင်း သူမက ဆက်ပြောသည်။
“သတင်းမီဒီယာကပြည်သူလူထုအတွက် အရမ်းအရေးပါပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိတဲ့ အတွက် မီဒီယာသမားပဲနစ်နာတာမဟုတ်ပါဘူး။ ပြည်သူတွေအတွက်လည်း နစ်နာပါတယ်။ တချို့ဆိုရင် အမှန်တရားကို မသိဘဲသတင်းအမှောင်ချခံထားရတာတွေရှိပါတယ်” ဟု ပြောသည်။
မနှင်းနွယ်မှာ “ကျောက်တော်မြို့နယ်မာလာကျေးရွာမှ စပါးတောင်း ၇၀၀ ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” သတင်းခေါင်းစဉ်ဖြင့်သတင်းရေးသားခဲ့သည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က ဗိုလ်မှူးဘုန်းမြင့်ကျော်တရားလိုလုပ်ပြီး တရားစွဲဆိုထား၍ လက်ရှိ စစ်တွေမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေကြ၇သည်။
သူမနှင့်အတူ DMG သတင်းဌာနမှဒုတိယတာဝန်ခံ အယ်ဒီတာ ဦးနေဝင်းစံလည်း ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရပြီး အယ်ဒီတာချုပ် ဦးအောင်မင်းဦးမှာလည်းမတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခံထားရ၍ တိမ်းရှောင်နေ၇သည်မှာ ၂နှစ်ခန့်ရှိသွားပြီဖြစ်သည်။
မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများအနေဖြင့် လွတ်လပ်မှု ရှိရှိ သတင်းတင်ပြခွင့် ရှိ၇မည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် မည်သည့် လွတ်လပ်သော ပုံနှိပ်မီဒီယာမျှ လုပ်ငန်းလည်ပတ်နေခြင်းမရှိဘဲဖြစ်နေကြောင်း၊ သတင်းအချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ရန် အင်တာနက်များကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း၊ ဤလုပ်ရပ်များသည် မီဒီယာလွတ်လပ်ခွင့်ကိုဖိနှိပ်ခြင်းဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသောလွတ်လပ်စွာ ထင်မြင် ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊နော်ဝေး၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုဆိုင်ရာသံတမန်အဖွဲ့အစည်းများ၏ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။