ချစ်အိလှိုင်
နိရဉ္စရာ၊ မေ ၄/ ၂၀၂၁
ကိုဗစ်ကြောင့် ၉ လခန့်ကြာ ဗွီဒီယိုအွန်လိုင်းဖြင့် စစ်ဆေးခဲ့သည့်AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင်(၈) ဦးအမှုကို ယနေ့ နေ့လယ် ရန်ကုန်တိုင်း၊ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
ယနေ့တွင် ကိုအောင်မြတ်ကျော်အပါအဝင် ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊မောင်ပန်(ခ)ထွန်းအေး နှင့် ရွှေလှိုင်သန်း တို့ကို တရားရုံးသို့ ရုံးထုတ်လာခဲ့ပြီး
တရားလိုပြသက်သေ အမှုစစ်ဒုရဲမှူးဇော်မိုးကို စစ်ဆေးခဲ့ကြောင်းအမှုလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က နိရဉ္စရာသတင်းဌာနအားပြောသည်။
“ အစီစဉ်က ဗွီဒိုအွန်လိုင်းနဲ့ ရုံးထုတ်မယ်ဆိုပြီး တရားရုံးကိုရောက်တဲ့အခါ တရားခံရုံးထုတ်တယ်။ ကိုအောင်မြတ်ကျော်အပါအဝင်သူတို့အားလုံးကိုပေါ့။” ဟုပြောသည်။
ဆက်လက်စစ်ဆေးရန် ဒုရဲမှူး မင်းမင်းသူ တစ်ဦးတည်းသာ ကျန်ရှိပြီးသူ့ကို စစ်ဆေးပြီးပါက တရားလိုပြသက်သေများ စစ်ဆေးရန်မကျန်ရှိတော့ကြောင်း ၄င်းက ဆက်ပြောသည်။
“မေလ ၁၁ ရက်နေ့မှာနည်းပညာကျွမ်းကျင်သူ ဒုရဲမှူး မင်းမင်းသူကို ဆက်စစ်ဆေးမယ်။ ကိုအောင်မြတ်ကျော် တို့ကတော့သူတို့အမှုကို အပတ်တိုင်းစစ်ပေးစေချင်တယ်လို့ဆိုတယ်။လက်ရှိ စစ်ဆေးဖို့ ကျန်နေတဲ့ ဒုရဲမှူးမင်းမင်းသူကို စစ်ဆေးပြီးရင် တရားလိုတွေဘက်က စစ်ဆေးစရာမရှိတော့ဘူး” ဟု ဆိုသည်။
ကိုအောင်မြတ်ကျော်အပါအဝင် (၈) ဦးမှာ စင်္ကာပူ၇ခိုင်အသင်းခေါင်းဆောင်များဖြစ်ပြီး ၂၀၁၉ဇူလိုင်လ ၆ ရက်နှင့် ရ ရက်နေ့ညတွင် စင်ကာပူပြည်ထဲရေးဌာနက ဖမ်းဆီးခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ခံ၇ပြီး ဇူလိုင်လ ၁၀ ရက် ၁၁ ရက်နေ့တွင်မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိ၇သည်။
၄င်းနောက် ၂၀၂၀ ခုနစ်စက်တင်ဘာလခန့်မှစ၍ ရုံးထုတ်စစ်ဆေးခြင်းမရှိပဲဗွီဒီယိုအွန်လိုင်းမှ တဆင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဖြစ်သူ ပြောပြချက်အရ သိ၇သည်။
၄င်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀(ည)နှင့်ပုဒ်မ ၅၂ (က)တို့ဖြင့် အသီးသီးအမှု ရင်ဆိုင်နေကြ၇ခြင်းဖြစ်သည်။
AA ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်ပြီးသော်လည်း ၄င်းနှင့်ပတ်သက်၍အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြင့် တရားစွဲဆိုခံနေ၇သူ ၂၀၀ နီးပါးအထိရှိနေဆဲဖြစ်ကြောင်းအမှုလိုက်ရှေ့နေများက ပြောသည်။