ချစ်အိလှိုင်
နိ၇ဉ္စရာ၊မေ ၅/ ၂၀၂၁
၇ခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီနှင့်ဆက်စပ်ဆောင်ရွက်မှု ရပ်နားတော့မည်ဖြစ်ကြောင်း ယနေ့ စစ်တွေရှိပါတီဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုလိုက်သည်။
နို်င်ငံတော်အုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုမှာ တောင်းဆိုထားသည့် အချက်များကိုတစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိခြင်း၊ ရခိုင်အမျိုးသားအကျိုးစီးပွားအား တစ်စုံတစ်ရာ အကျိုးစီးပွား တိုးတက်မှုမရှိသောကြောင်းဆက်လက်၍ ပူးပေါင်းလုပ်ဆောင်ရန် အစီစဉ်မရှိတော့ဟုယနေ့ နံနက် က ANP ဗဟိုရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“အခုအချိန်မှာ မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေအရလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ် ဆောင်ရွက်နေရုံနဲ့ ကျွန်တော်တို့ ၇ခိုင်အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်နိုင်တဲ့အခြေအနေ မတွေ့ဘူး။ အဲလိုမလုပ်ဆောင်နိုင်တဲ့အတွက်ကျွန်တော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့အနေနဲ့မနေ့က နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေ ရပ်နားတယ် ဆိုပြီးတော့ဆုံးဖြတ်ချက် ချပြီးဖြစ်တယ်” ဟုပြောသည်။
၄င်းတို့အနေဖြင့်နိုင်ငံတော်ကောင်စီတွင်ပါတီမှ ဒေါ်အေးနုစိန်ပါဝင်မှုမှာလည်းပါတီနှင့် တစ်စုံတစ်ရာ မသက်ဆိုင်ပဲ သူမ၏ ပုဂ္ဂိုလ်ရေးအ၇ ပါဝင်ခဲ့ခြင်းသာဖြစ်ကြောင်း၊၄င်းတို့ပါတီအနေဖြင့် မြောက်ဦး အစည်းအဝေးမှအချက်(၆)ချက်တောင်းဆိုခဲ့သည့်အပေါ်တွင်လည်း နစက ကောင်စီက တစ်စုံတစ်ရာဆောင်ရွက် ပေးမှုမရှိခဲ့သဖြင့်ယခုကဲသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသူက ဆက်ပြောသည်။
“နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာပါဝင်ဖို့အတွက် ကျွန်တော်တို့ပါတီကို ကမ်းလှမ်းခဲ့တာမဟုတ်ဘူး။ ဒေါ်အေးနုစိန်ပါဝင်မှုသည်ဒေါ်အေးနုစိန်၏ ပုဂ္ဂိုလ်ရေးအ၇ ကမ်းလှမ်းမှုသည်အပေါ်မှာသာ ကျွန်တော်တို့ ပါတီအနေနဲ့ ပါတီရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့တစ်စုံတစ်ရာ ဆက်စပ် ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောတာဖြစ်ပါတယ်” ဟုပြောသည်။
၄င်းတို့ပါတီအနေဖြင့်နို်င်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ကမ်းလှမ်းချက်အပေါ် သဘောထားအမြင်ကို အချက်( ရ )ချက်ဖြင့် ဖေဖော်ဝါရီ (၄) ရက်နေ့က တောင်းဆိုခဲ့ကြောင်းသိ၇သည်။
၄င်းတောင်းဆိုချက်များမှာ (က)ရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှ(ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအားပြန်လွှတ်ပေးရန်၊ (ခ) ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့်ရေရှည်တည်တံ့ငြိမ်းချမ်းသော ပြည်နယ်တစ်ခုဖြစ်ပေါ်စေရန် ပြည်နယ်အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနေရာနှင့် ကောင်စီအဖွဲ့ဝင်(၂)နေရာအတွက် ရခိုင်အမျိုးသားပါတီအား ခန့်အပ်တာဝန်ပေးပါရန်၊ (ဂ)ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသားပါတီမှ ခန့်အပ်နေရာပေးပါရန်၊(ဃ) ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်း ဒေသကြီးတို့ရှိ စီမံအုပ်ချုပ်ရေးကောင်စီတွင်ရခိုင်အမျိုးသားပါတီမှ ကိုယ်စားပြုပါဝင်နိုင်ရေးကို ဆောင်ရွက်ပေးပါရန်၊(င) ULA/ AAအား အကြမ်းဖက်အဖွဲ့ကြေငြာထားခြင်းမှ ပြန်လည် ရုပ်သိမ်း ပေးပါရန်၊ (စ) ယခင်အစိုးရမှ ဖမ်းဆီးထောင်ချခဲ့သောနိုင်ငံရေး အကျဉ်းသားများအား အကြွှင်းမဲ့ လွှတ်ပေးရန်၊ (ဆ)ရန်ကုန်၊ မန္တလေးအပြင်ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသော တရားခံများဆိုင်ရာအမှုများကိုရုပ်သိမ်းပြီးဖမ်းဆီးထားခြင်းမှလွှတ်ပေးရန်တို့ဖြစ်သည်။
ယင်းအချက်များထဲမှနိုင်ငံတော် အုပ်ချုပ်ရေးကောင်စီမှ (က)နှင့်(င) အချက်တို့ကို လိုက်လျော့ ပေးခဲ့သည်ကိုတွေ့၇သော်လည်း ကျန်သည့်အချက်များအား လိုက်လျော့ ပေးမှုမရှိခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၏ပြောပြချက်အရသိ၇သည်။